စစ်ကောင်စီက တပ်စခန်းကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ကြောင်း AA ပြော၊ လိုအပ်သလို တုန့်ပြန်သွားမည်ဟုဆို

 By Western News / 2022 July 05

မြန်မာ-ထိုင်းနယ်စပ်အနီး၊ ကရင်ပြည်၊ KNLA တပ်မဟာ (၅) ဧရိယာထဲရှိ ရက္ခိုင့်တပ်တော် (AA) ၏ တပ်စခန်းတစ်ခုအား ဇူလိုင် ၄ ရက် နေ့လယ်က စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ၎င်းစခန်းအနီး ပတ်ဝန်းကျင်ရှိ AA တပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။

၄င်းစခန်းအနီးပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှုတစ်စုံတရာမရှိဘဲ စစ်ကောင်စီဖက်မှ ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခြင်းမှာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းဖြစ်သည်ဟု ရက္ခိုင့်တပ်တော် (AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

“တိုက်ပွဲဖြစ်တာမရှိဘူး။ တိုက်ပွဲမဖြစ်ဘဲနဲ့ ဒီလိုမျိုးလာပြီးတော့မှ ဗုံးကြဲတိုက်ခိုက်တာဖြစ်ပါတယ်”ဟု ပြောသည်။

ထိုကဲ့သို့တိုက်ခိုက်မှုကြောင့် ရက္ခိုင့်တပ်တော် (AA)ဖက်မှ တပ်ဖွဲ့ဝင် ၃ ဦးထက်မနည်းကျဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီဖက်မှ ယခုကဲ့သို့ တိုက်ခိုက်မှုအပေါ် လိုအပ်သလို တုန့်ပြန်သွားမည်ဟုလည်း ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဆက်ပြောသည်။

ယင်းအပြင် ၎င်းစခန်းအတွင်းရှိ ဆေးရုံ၊ ဆေးခန်း၊ စက်ချုပ်စက်ရုံအပါအဝင် အဆောက်အအုံအချို့ ပျက်စီး ဆုံးရှုံးခဲ့ပြီး စစ်ကောင်စီ၏ အဆိုပါ ဂျက်တိုက်လေယာဉ် ၂ စီးသည် နယ်စပ်အနီးရှိ မိမိတို့၏တပ်စခန်းအား မြန်မာဖက်(ကရင်ပြည်ထဲ)မှ ရုတ်တရက် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ထိုင်းနိုင်ငံလေပိုင်နက်အတွင်းသို့ ဝင်ရောက်သွား ခဲ့သည်ဟုလည်း AA ၏ ယမန်နေ့က ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ လိုင်ဇာတွင် ဖွင့်လှစ်ထားသော ကေအိုင်အေဗိုလ်သင်တန်းကျောင်းကို စစ်ကောင်စီဖက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦး ကျဆုံးသွားခဲ့သည်။

ကျဆုံးသွားသော ဗိုလ်လောင်း ၂၃ ဦးမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)မှ ၁၁ ဦး၊ ရက္ခိုင့်တပ်တော် (AA) မှ ၈ ဦး၊ ချင်းအမျိုးသားတပ်ဦး (CNF) မှ ၂ ဦးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ၂ ဦးတို့ဖြစ်ကြသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/556778889461953

Leave a Reply

Your email address will not be published.