စက်သုံးဆီ တစ်လီတာ ၁၇၀၀ကျပ်သတ်မှတ်ထားသော်လည်း ၂၈၀၀ကျပ်ထိရောင်းဈေးရှိနေ၊ စျေးပိုရောင်းချသည့်ဆိုင်အား တိုင်ကြားနိုင်

By Western News /2022 July 17

ယနေ့၂၀၂၂ခုနှစ် ဇူလိုင် ၁၇ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ စက်သုံးဆီဈေးနှုန်းများကို တစ်လီတာလျှင် ၁၇၀၀ကျပ်ဝန်းကျင်ရောင်းချရန်ကြေညာထားသော်လည်း ဆိုင်တစ်ချို့စေေးမြင့်တင်၍ ရောင်းချနေကြောင်းသိရသည်။

ယနေ့အစိုးရ​၏ တရားဝင် သတ်မှတ်ချက်စက်သုံးဆီဈေးနှုန်းများမှာ 92တစ်လီတာ ၁၇၀၀ကျပ်၊95 တစ်လီတာလျှင် ၁၈၀၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၁၇၈၅ကျပ်နှင့်ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ၂၁၉၀ကျပ်သတ်မှတ်ထားသည်ကိုတွေ့ရသည်။

ယင်းသို့ကြေညာထားသော်လည်း ရခိုင်ပြည်နယ်ရှိ မြို့ပေါ်ဒေသများရှိ စက်သုံးအရောင်းဆိုင်ကြီးများတွင် တစ်လီတာလျှင် ၂၁၀၀ကျပ်ဝန်းကျင်အထိမြင့်တက်လျက်ရှိနေပြီး စစ်တွေမြို့ဆီဆိုင်ကြီးများဈေးနှုန်းအရ 92တစ်လီတာ ၂၁၅၀ကျပ်၊ 95 တစ်လီတာလျှင် ၂၂၅၀ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၁၀၀ကျပ်နှင့်ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ၂၄၈၅ ကျပ်အထိရောင်းဈေးရှိနေသည်။

ယင်းသို့ ဆီဆိုင်ကြီးများတွင် ၂၁၀၀ကျပ်ဝန်းကျင်အထိ ဈေးရှိနေ၍ တစ်ပိုင်တစ်နိုင်ဖြင့် တစ်ဆင့်ခံရောင်းချနေကြသူများတွင် 92တစ်လီတာလျှင် ဈေးနှုန်း၂၅၀၀ကျပ် မှ ၂၆၀၀ကျပ်နှင့် ၃၀၀၀ ကျပ်အထိ အသီးသီးရောင်းချနေသည်ကို တွေ့ရှိနေရသည်။

စစ်တွေမြို့မှ သုံးဘီမောင်းနှင်သူ ကိုမင်းစိုးချေက”ရန်ကုန်ဖက်က ဆီဆိုင်တွေတွေမှာ ၂၀၀၀အောက်ကို ရောက်သွားပြီဈေးတွေက တစ်ဖက်ကကြည့်ရင် ဝမ်းသာစရာပေါ့။ ဒါပေမယ့် ကျွန်တောတို့ရခိုင်က ဆီဆိုင်တွေမှာ ၂၀၀၀ ကျော်မှာပဲရှိသေးတယ်။ တစ်ဆင့်ခံရောင်းတဲ့ လမ်းဘေးဆီဆိုင်တွေဆို ပိုဆိုး ၂၆၀၀ ကျပ်အထိခုထိဈေးတက်တုန်း။ သတ်မှတ်ထားတဲ့ဈေးကိုလည်း မလိုက်နာကြဘူး။ ဖြစ်နိုင်ရင် သတ်မှတ်ဈေးကိုပဲရောင်းစေချင်တာပေါ့”ဟုပြောသည်။

မြို့ပေါ်ဒေသများတွင် စက်သုံးဆီတစ်လီတာလျှင် ပြင်ပဆိုင်ရောင်းဈေး ၂၅၀၀ ကျပ်မှ၂၆၀၀ကျပ်အထိရှိသော်လည်း နယ်ဖက်ဒေသများတွင် စက်သုံးဆီတစ်လီတာလျှင် ၂၉၀၀ကျပ်အထိဈေးရှိနေပြီးစက်သုံးဆီဈေးနှုန်းများ တခြားပြည်နယ်ဖက်တို့ထ စျေးနှုန်းမြင့်တက်၍ ရောင်းချနေကြသည်။

ပုဏ္ဏားကျွန်းဒေသခံတစ်ဦးဖြစ်သူ ဦးမောင်လှရွှေက”အစိုးရက ဈေးတွေဘယ်လိုသတ်မှတ်ထားလည်း ဦးလေးတို့လည်း မသိပါဘူး။ ဦးလေးတို့ဖက်မှာတော့ ၂၈၀၀ကျပ်နဲ့၂၉၀၀ကျပ်ရှိနေပါတယ်။ ဒီစက်သုံးဆီဈေးက ကျကိုမကျနိုင်တော့ဘူး။ ဒီထက်ဈေးမတက်လာဖို့ပဲ ဆုတောင်းနေရမယ်။ ဒီထက်ဈေးတက်လာရင်တော့ အကုန်ဒုက္ခရောက်ကြမှာ”ဟုဆိုသည်။

ယခုနှစ် ၂၀၂၂ခုနှစ်တွင်လည်း ပြီးခဲ့သည့် ၂၀၂၁ခုနှစ်ကဲ့သို့ပင် စက်သုံးဆီဈေးနှုန်းများ ကျဆင်းသွားခြင်းမရှိဘဲ တစ်ဖြည်းဖြည်းမြင့်တက်လာပြီးပြီးခဲ့သည့်ဇူလိုင်လ ဒုတိယအပတ်အထိ ရခိုင်ရှိစက်သုံးဆီအရောင်းဆိုင်ကြီးများတွင် စက်သုံးဆီတစ်လီတာလျှင် ၂၆၀၀ကျပ်ဝန်းကျင်အထိရှိနေခဲ့ပြီး ပြင်ပအရောင်းဆိုင်များတွင် ၃၀၀၀ကျပ်ကျော်အထိမြင့်တက်နေခဲ့သည်။

အစိုးရဖက်က သတ်မှတ်ဈေးအတိုင်းရောင်းချရန်သတ်မှတ်ထားသော်လည်း ဝယ်ယူရသည့်အခါ ဈေးနှုန်းများမှာ သတ်မှတ်ဈေးအတိုင်းရောင်းချနိုင်လောက်သည်အထိ မကျသေး၍ သတ်မှတ်ဈေးကို မရောင်းချနိုင်သေးဟု စစ်တွေမြို့မှ စက်သုံးဆီလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကပြောသည်။

“အစိုးရကဈေးသတ်မှတ်လိုက်တယ်။ ဝယ်တဲ့အခါလည်းရဈေးတွေ သတ်မှတ်ဈေးတွေအတိုင်းရောင်းနိုင်အောင် အစိုးရဖက်က လုပ်ဆောင်ပေးရမယ်။ ခုက ဝယ်ရတဲ့ဈေးက သတ်မှတ်ချက်ပမာဏအတိုင်းရောင်းဖို့အထိ အဆင်မပြေဘူး။ ဈေးနည်းနည်းလည်းပဲကျသွားတာ။ ဒါကို သယ်ယူခစရိတ်တွေနဲ့ဆိုရင် သတ်မှတ်ဈေးအတိုင်းရောင်းရင် အရှုံးနဲ့ပဲ ရင်ဆိုင်ရမှာ။ ဒါကြောင့် ဆီဈေးတွေကို သတ်မှတ်ရင် သတ်မှတ်ဈေးအတိုင်းရောင်းချနိုင်ဖို့အတွက် လုပ်ငန်းရှင်တွေဖက်က ဝယ်တဲ့အခါ ဈေးနှုန်းကိုက်ဖို့လိုပါတယ်”ဟုပြောသည်။

နေ့စဉ်ထုတ်ပြန်လျှက်ရှိသော ဈေးနှုန်းအတိုင်းရောင်းချခြင်းမရှိပါက ဖုန်းနံပတ် ၀၆၇-၄၀၉ ၈၈၁၊ ၀၆၇-၄၁၁ ၁၂၉၊ ၀၉- ၆၉၉ ၆၁၁ ၁၁၆ နှင့် ၀၉-၄၄၀ ၄၃၃ ၅၃၃ တို့ကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၀ခုနှစ်အထိ စက်သုံးဆီဈေးနှုန်းများမှာ ၁၀၀၀ကျပ်ဝန်းကျင်အထိသာရှိခဲ့သည်။ စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ခုနှစ်မှာ စကာ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် မြန်မာငွေတန်ဖိုးကျဆင်းကာ ပြည်တွင်းပြည်ပ တင်းသွင်းကုန်းများအပါအဝင် စက်သုံးဆီဈေးနှုန်းမှာလည်း တစ်ရိပ်ရိပ်မြင့်တက်နေခြင်းဖြစ်သည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/565354275271081

Leave a Reply

Your email address will not be published.