ငွေစက္ကူအတုတစ်သောင်းကျပ်တန် (၃၃၄) ရွက်နှင့်အတူ လူ ၃ဦးကို တောင်ကုတ်မြို့နယ်တွင်ဖမ်းမိ

By Narinjara /2022 July 13

ရခိုင်ပြည် တောင်ကုတ်မြို့နယ်တွင် ငွေစက္ကူအတု တစ်သောင်းတန် (၃၃၄) ရွက်နှင့်အတူ အမျိုးသမီးနှစ်ဦး အပါအဝင် လူသုံးဦးကို ဇူလိုင်လ ၁၂ ရက်နေ့က ရဲကဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ တောင်ကုတ်မြို့နယ် လိပ်ကုန်ဘောင်ကျေးရွာမှ ကိုသန့်ဇင်ထွန်း၊ ပဒါကျေးရွာမှ မခင်သီတာလွင်နှင့် မမာမာဝင်းတို့ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သတ်ပြီး တောင်ကုတ်မြို့မရဲစခန်းကို နိရဉ္စရာမှ ဆက်သွယ် မေးမြန်းရာရဲအုပ်ခင်မောင်ဆန်းက “ဒီကိစ္စက ကျွန်တော်အနေနဲ့ မပြောနိုင်ဘူး။ စခန်းမှူးကို တိုက်ရိုက်မေးပါ။ စခန်းမှူးသာပြောနိုင်မှာဖြစ်တယ်” ဟုဆိုသည်။

ဇူလိုင်လ (၁၂) ရက်နေ့ နံနက်ပိုင်းက တောင်ကုတ်မြို့နယ် မီးချောင်းထိုး ကျေးရွာအနီးတွင် ငွေစက္ကူ အတုများ လှဲလယ်နေသည်ဟု သတင်းရသည့် အတွက် ရဲတပ်ဖွဲ့မှသွားရောက်စစ်ဆေးရာ ငွေစက္ကူအတု ၁၀၀၀၀ ကျပ်တန် (၁၀၅) ရွက်နှင့်အတူ ကိုသန့်ဇင်ထွန်းဆိုသူကို ရဲတပ်ဖွဲ့မှ စတင်ဖမ်းမိခြင်း ဖြစ်သည်။

ယင်းနောက်ပိုင်း ကိုသန့်ဇင်ထွန်းထွက်ဆိုချက်အရ ပဒါကျေးရွာနေ မာမာဝင်းနှင့် ခင်သီတာလွင်တို့ ထံတွင်လည်း ငွေစက္ကူအတုများရှိနေသည်ဟု သိရှိရသည့်အတွက် ရဲတပ်ဖွဲ့မှ သွားရောက် ဖမ်းဆီးခဲ့ရာ သူတို့ထံမှ ငွေစက္ကူအတု တစ်သောင်းတန် ( ၂၂၉) ရွက်ကို သိမ်းဆည်းမိခဲ့သည်။

၎င်းတို့ ၃ ဦးထံမှ စုစုပေါင်းငွေစက္ကူ ၁၀၀၀၀ တန်အတု ၃၃၄ ရွက်ကို သိမ်းဆည်းရမိခဲ့သည်။

ယခုဖမ်းဆီးရမိသည့် ငွေစက္ကူအတုများတွင် လေဆာကြိုးအရောင် ပြောင်းလွဲခြင်းမရှိဘဲ သာမန်မိတ္တူကူး စက္ကူအမျိုးအစားဖြစ်ပြီး ငွေစက္ကူ အစစ်ထက် အလျား (၁) မီလီမီတာရှည်ပြီး အနံမှာ (၁) မီလီမီတာ တိုကြောင်းလည်း ရခိုင်ပြည်နယ်သတင်းများကိုရေးသားသည့် ရခိုင် သတင်းစဉ်တွင် ဖော်ပြသည်။

ယင်းငွေစက္ကူအတုများကို ကိုသန့်ဇင်ထွန်းသည် ပဒါကျေးရွာနေ မမာမာဝင်၊ မခင်သီတာလွင် တို့နှင့်အတူ ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေး ကားဂိတ် အနီးမှ ငွေစက္ကူအတု ၁၀၀၀၀ ကျပ်တန် (၅၃) သိန်းကို ငွေအစစ် (၁၇) သိန်းပေးပြီး ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယခုအခါ ဖမ်းဆီးထားသူ (၃) ဦးကို တောင်ကုတ်မြို့မရဲစခန်းတွင် မြန်မာနိုင်ငံ ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

အလားတူ ဇွန်လ (၂၁) ရက်နေ့ကလည်း စစ်တွေမြို့ ရူပတောင်ရပ်ကွက်ရှိ ဧရာဝတီဘဏ်တွင် ရေစကြိုမြို့နေ ဦးတွတ်ဆိုသူအား ထန်းညက်ဖို့ငွေကျပ် သိန်း ၁၀၀လွဲသည့် စစ်တွေမြို့နယ် သဲချောင်းရွာနေ ဦးကျော်မြင့်ခေါ် ဦးမာမွတ်အီစွပ်ကို ငွေစက္ကူအတု ၁၀၀၀၀ တန် (၃၅) ရွက်နှင့်အတူ ဖမ်းဆီးမိခဲ့သည်။ (NN-1)

https://www.facebook.com/narinjara.info/posts/5634655906546440

Leave a Reply

Your email address will not be published.