By Western News / 2022 July 05
ဓာတ်ပုံ-Western News
ရခိုင်ပြည်နယ်မြို့နယ်အသီးသီးတွင်ရှိသည့် အစိုးရပညာသင်ကျောင်းများတွင် ရခိုင်စာဘာသာရပ်ကို သင်ကြားပေးနေသည့် (TA/LT) ဆရာ၊ ဆရာမများမှာ ဇွန်လ လစာကို မရရှိသည်မှာ ခွင့်ပြုငွေမကျသေး၍ လစာနှောင့်နှေးနေခြင်းဖြစ်ကြောင်း ပြည်နယ်ပညာရေးဌာနက ပြောသည်။
တိုင်းရင်းသားဘာသာသင်ကြားပေးနေသည့် ဆရာ၊ ဆရာမများမှာ ဇွန်လ လစာကို လုံးဝမရှိတော့သည့်သဘောမဟုတ်ဘဲ ခွင့်ပြုငွေမကျသေး၍သာ အနည်းငယ် နောက်ကျနေခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဘထွီးစိန်ကပြောသည်။
“TAလစာမရသေးတာက ခွင့်ပြုငွေမကျသေးတဲ့အတွက်ကြောင့်ပါ။ လစာကတော့ ပေးလာမှာပါ။ အလုပ်လုပ်ရင်တော့ ငွေကြေးလိုချင်တာက သဘာဝပါ။ ပညာရေးမှူးတွေဖက်ကလည်း စိုက်ပေးလို့မရတဲ့အနေအထားပါ။သူတို့က အမြဲတမ်းဝန်ထမ်းမဟုတ်တဲ့အခါ ဘားဂျက်တွေကိုခွဲရာမှာ အခက်အခဲရှိနေတာလို့ထင်တယ်။ လုပ်အားခ ရန်ပုံငွေကို ရုံးချုပ်က ခွင့်မပြုသေးတဲ့သဘော။ ခုဝန်ထမ်းတွေထပ်ပြီး ၃ကြိမ် ခန့်ထားတာလည်းရှိတယ်လေ။ လစာကရမှာပါ။ ဘဏ္ဍာရေးဖက်က ခွင့်ပြုငွေမကျသေးလို့ပဲ နည်းနည်းနောကျနေတဲ့သဘောပဲ”ဟုပြောသည်။
ကျောင်းမတက်ရသည့် အချိန်များတွင်လည်း လစာမရသဖြင့် ကျောင်းတက်ချိန်မှသာရသည့် လစာကို ပုံမှန်အတိုင်းပေးစေချင်သည်ဟု ပုဏ္ဏားမြို့နယ်မှ ရခိုင် တိုင်းရင်းသားစာပေ(TA/LT)ဆရာမတစ်ဦးကပြောသည်။
“ကျွန်မတို့လို တိုင်းရင်းသားစာပေသင်တဲ့ဆရာ၊ဆရာမတွေဟာ ပုံမှန်ကျောင်းဆရာမတွေလို ကျောင်းပိတ်ရင်လည်း လစာရတာမဟုတ်ပါဘူး။ အစိုးရက တရားဝင်ခန့်ထားရင်တောင် ပုံမှန်ဆရာမတွေလို လစာရတာမဟုတ်ဘူး။ ရတဲ့လစာဟာဆိုရင်လည်း နေတဲ့နေရာကနေ တာဝန်ကျတဲ့နေရာသွားရတဲ့စရိတ်နဲ့တင် ကုန်သလောက်ဖြစ်နေပါပြီ။ စေတနာနဲ့လာပြီး သင်ကြားပေးနေတဲ့သဘောပါပဲ။ ဒါကြောင့်လစာကိုတော့ ပုံမှန်ရချင်ပါတယ်”ဟုပြောသည်။
ယင်းသို့ လစာမရသေးသည့်အတွက် နေထိုင်ရာမြို့မှ တခြားမြို့နယ်ဖက်သို့ သွားရောက်သင်ကြားပေးနေရသည့် ဆရာ၊ ဆရာမများမှာ လမ်းခရီးစရိတ်နှင့်စားသောက်ရေးတို့တွင် ခက်ခဲမှုတို့ရှိနေသည်ဟု ဆိုသည်။
ရသေ့တောင်မြို့နယ်မှ နောက်ထပ် TA/LA ဆရာမတစ်ဦးက” ကိုယ့်ရွာမှာတာဝန်ကျတဲ့သူတွေတော့ အဆင်ပြေတယ်။ ဒါပေမယ့် ကျွန်မတို့က တာဝန်ကျတာက ရွာနဲ့သွားရင် ကားခ ၁၅၀၀ ပေးရတဲ့ရွာကို စာသွားပြရတာ။ ခရီးစရိတ်ကြီးလို့ ဒီမှာနေတော့ လစာမရရင် စားသောက်ရေးမှာအခက်အခဲရှိနေပါတယ်”ဟုပြောသည်။
TA/LA တိုင်ရင်းသား ဘာသာစာပေးသက်ကြားသည့် ဆရာ၊ ဆရာမများကို တိုင်းရင်းသားရေးရာဝန်ကြီးဌာမှ အလုပ်ခေါ် ပြည်နယ်အလိုက် အလုပ်ခေါ်ကာ ပညာရေးဝန်ကြီးဌာနမှတစ်ဆင့် အခြေံပညာရေးဦးစီးဌာကို တာဝန်ပေးကာ ခန့်ထားခြင်းဖြစ်သည်။
ရခိုင်တိုင်းရင်းသား ဘာသာစာပေ သင်ကြားပေးမှုကို ပြီးခဲ့ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှစကာ သင်ကြားပေးခဲ့ခြင်းဖြစ်သည်။ ယင်းအချိန်က နေ့စားလပေးဖြစ်ပြီး တစ်ရက်လျှင် ၄၅၀၀ ကျပ်ရရှိကာ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစကာ တစ်လလျှင် ၁၃၀၀၀၀ ကျပ်စီပြောင်းလဲသတ်မှတ်ပေးခဲ့သည်။
ယခုနှစ် ၂၀၂၂ခုနှစ်တွင်လည်း ရခိုင်တိုင်းရင်းသားစာပေသင်ကြားရန် မြို့နယ်အလိုက် ဆရာ၊ ဆရာမ ၁၀၀ ဦးစီ ခန့်ထားသည်ဟု ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှသိရသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/557009669438875