ကျောက်ဖြူမြို့ Vpower ဓာတ်အားပေးစက်ရုံမှ စက်သံများဆူညံမှုကြောင့် ဒေသခံများအနှောင့်အယှက်ဖြစ်

By DMG /2022 July 12

ပုံစာ – လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့ ဇွန်လ ၁၉ ရက်နေ့က Vpower သို့ သွား ရောက်စစ်ဆေးခဲ့စဥ်။ (ဓာတ်ပုံ-လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန)

ကျောက်ဖြူမြို့နယ်၊ ကံ့ကော်တောဘုရားအနီးတွင် တည်ဆောက်ထားသော ဟောင်ကောင်အခြေစိုက် Vpower ကုမ္ပဏီ၏ သဘာဝ ဓာတ်ငွေ့ရည်မှ လျှပ်စစ်ဓာတ်အား ပြောင်းလဲထုတ်လုပ်သည့် (LNG to Power) ဓာတ်အား ပေးစက်ရုံမှ စက်နှိုးသံများ ဆူညံစွာထွက်ပေါ်နေသောကြောင့် အနီးအနားရှိကျေးရွာငါး ရွာမှာ ဒေသခံများမှာ အနှောင့်အယှက်ဖြစ်နေကြသည်။

လျှပ်စစ်ဓာတ်အားမလုံလောက်မှုကိုဖြည့်တင်းရန်တည်ဆောက်ထားသည့် အဆိုပါဓာတ်အားပေးစက်ရုံမှ မဂ္ဂါဝပ် ၁၅၀ ထုတ်လုပ်ရန် ပြင်ဆင်ထားသော်လည်း လက်ရှိတွင် မဂ္ဂါဝပ် ၆၀ သာ ထုတ်လုပ်နိုင်သေးသည်။

သို့ရာတွင် အဆိုပါစက်ရုံမှ စက်သံများဆူဆူညံညံထွက်ပေါ်နေသဖြင့် ဂုံးချွန်၊ လယ်ဒါပြင်၊ အုန်းတော၊ အထက်ပြင် နှင့် ကုန်းဘောင်ကျေးရွာမှ ဒေသခံများ ဒုက္ခရောက်နေကြခြင်းဖြစ်သည်။

“သာမာန်နေထိုင်နေတဲ့အခါ အဲဒီဆူညံသံက ဘာမှမဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ နေမကောင်းဖြစ်တဲ့အချိန် အဲဒီဆူညံသံဟာ နေထိုင်ရေးအတွက် တော်တော် အခက် အခဲဖြစ်စေခဲ့တယ်။ ကျနော်တို့ လူငယ်တွေတောင် ဒီလောက် ခံစားရတော့ အဘိုး အဘွားတွေ ဆိုပိုခံစားနေရတယ်”ဟု အုန်းတောဒေသခံ ကိုထွန်းစောက ပြော သည်။

ဒေသခံများအဆိုအရ ယခင်က စက်သံများဆူညံမှု အနည်းငယ်ရှိခဲ့ရာမှ လတ်တလောတွင် ပိုမိုဆူညံသည့်ဒဏ်ကို ခံစားနေရခြင်းဖြစ်ကြောင်း ဆိုကြသည်။

ယခု ဓာတ်အားပေးစက်ရုံမှ ဆူညံသံများမှာ အချိန်တိုအတွင်း ပျောက်သွားမည်မဟုတ်သောကြောင့် ရေရှည်မှာ အလားတူ ဆူညံသံများမထွက်ပေါ်အောင် စနစ်တကျဆောင်ရွက်လိုအပ်ကြောင်း ဒေသခံများက အကြံပြုသည်။

“စက်ရုံတည်ဆောက်တဲ့အခါ ပြည်သူတွေကို တွေ့ဆုံခြင်း မရှိခဲ့။ အခု ပြီးခါနီးမှ ပထမအကြိမ် ခေါ်ယူတွေ့ဆုံ တာတွေ့ရတယ်။ အခု အဲဒီအနီးအနားက ရွာတွေက ဆူညံသံတွေ တုန်ခါမှုတွေ ခံနေရတယ်လို့ပြောကြတယ်။ ဆိုတော့ စက်ရုံ အနေနဲ့ ဆူညံသံတွေ နည်းအောင် လုပ်ဖို့ လိုအပ်တယ်။ စက်ရုံက အခု အပြည့်အဝလည် ပတ်သေးတာမဟုတ်သေးဘူး။ အဲဒါတောင် တော်တော် ဆူညံသံကို ခံစားနေကြရပြီ။ ဒီဆူညံသံကို မထိန်းနိုင်ဘဲ စက်ရုံကအပြည့်အဝသာ လည်ပတ်မယ်ဆိုရင် ဒေသခံတွေ နေ ထိုင်ဖို့အတွက် တော်တော် ခက်ခဲမယ်”ဟု ကျောက်ဖြူမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးဖိုးစံက ထောက်ပြသည်။

၂၀၂၀ ပြည့်နှစ် နွေရာသီအမီ လျှပ်စစ်ဓာတ်အားပေးနိုင်ရေးအတွက် ပြီးခဲ့သည့်အစိုးရလက်ထက်က ၂၀၁၉ ခုနှစ် တွင် တင်ဒါခေါ်ယူခဲ့ရာ အဆိုပါ ဟောင်ကောင်အခြေစိုက် ကုမ္ပဏီသည် တင်ဒါအောင်မြင်ခဲ့ပြီး လုပ်ဆောင်ခွင့်ရ ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ စက်ရုံကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် စတင်လည်ပတ်ခြင်းဖြစ် ကြောင်း ကျောက်ဖြူခရိုင်လျှပ်စစ်ဦးစီးဌာနမှ သိရသည်။

https://www.facebook.com/dmgnewsagency/posts/2339626919523039

Leave a Reply

Your email address will not be published.