ကျောက်ဖြူမြို့ ပေါ်ရပ်ကွက်တချို့ကို စစ်ကောင်စီတပ်က ညဉ့်အချိန် ဧည့်စာရင်းဝင်စစ်ပြီး ULA/AAတိုက်နယ်မှူးအဆင့်ရှိသူတစ်ဦးအပါအဝင် လူနှစ်ဦးကိုရှာဖွေ 

By Narinjara /2022 July 17

(ဓာတ်ပုံ- အင်တာနက်/ ပုံဟောင်း)

ကျောက်ဖြူမြို့ပေါ် ရပ်ကွက်များဖြစ်ကြသည့် ပြင်ဖြူမော်ရပ်ကွက်၊ ရခိုင် ပိုက်ဆိပ်ရပ်ကွက်၊ မီးလောင်ကွင်းတိုးချဲ့ရပ်ကွက်တို့ကို စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၈၀ခန့်က ယမန်နေ့ညအချိန်က ဧည့်စာရင်း ဝင်ရောက် စစ်ဆေးပြီး ULA/AA တိုက်နယ်မှူးအဆင့်ရှိသူ တစ်ဦး အပါအဝင် လူနှစ်ဦးကို ဝင်ရောက်ရှာဖွေခဲ့သည်ဟု သတင်းရရှိသည်။

ထိုသို့ ဝင်ရောက်စစ်ဆေးမှုကို ကျောက်ဖြူအခြေစိုက် ခမရ (၅၄၂)၊ ခလရ (၃၄) နှင့် ကျောက်ဖြူမြို့မ ရဲစခန်းမှ နယ်ထိန်းအဖွဲ့တို့ပါဝင်သည်ဟု ဒေသခံ စစ်ဆေးခံရသူများက ပြောကြားသည်။

အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက “ သူတို့ ရပ်ကွက် ၃ ခုကို ဝင်စစ်ဆေးတာက ည ၈ နာရီကနေ ၁၂ နာရီထိ စစ်တယ်။ အဓိကတော့ ULA/AAက သိန်းအောင်နဲ့ တိုက်နယ်မှူး ဟာကြူလီကို သိလားလို့ မေးတယ်။ သူတို့ အဓိက အဲဒီနှစ်ဦးကို လိုက်ရှာနေတယ်” ဟု ပြောကြားသည်။

နောက်ထပ်ဒေသခံ တစ်ဦးကလည်း ဧည့်စာရင်းစစ်နေချိန်တွင် ULA/AA တိုက်နယ်မှူးနှင့် သိန်းအောင်ဆိုသူကို မေးမြန်းခဲ့သည်ဟုပြောဆိုသည်။

” လာတုန်းကတော့ ဧည့်စာရင်းစစ်သလိုလိုပေါ့နော်။ ပြီးတော့ အေအေ တိုက်နယ်မှူးကို သိလား။ သိန်းအောင်ဆိုတဲ့လူကို သိလားလို့မေးတယ်။ ဓာတ်ပုံတွေ၊ ဘာတွေလည်း ပြတယ်။ ဒီရပ်ကွက်ကို ရောက်လား။ စသဖြင့် မေးပါတယ် ” ဟု ပြောသည်။

အဆိုပါ ရှာဖွေမှုနှင့် ပတ်သက်ပြီး ဦးသိန်းအောင်ကို နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာ သူ့အားလိုက်ရှာနေသည်မှာ ဟုတ်မှန်ကြောင်းနှင့် အိမ်တွင်မနေရဲ၍ မိသားစုနှင့်အတူ ရှောင်တိမ်းနေရကြောင်း ကာယကံရှင် ဦးသိန်းအောင်က နိရဉ္စရာသတင်းကို ယနေ့ နံနက် ပြောဆိုသည်။

“ပြီးခဲ့တဲ့ ၆ လပိုင်းကလည်း ကျွန်တော်နေခဲ့တဲ့အိမ်ကို ဝင်စစ်ပြီး ဖမ်းဖို့လာတော့ ရှောင်နေလို့ လွတ်သွားတယ်။ အမျိုးသမီးနဲ့ ကလေးကိုတော့ သူတို့ တစ်ညလုံး ညနက်တဲ့ အထိစစ်ဆေးခဲ့ကြတယ်။ အဲ့နောက်ပိုင်း ၃ ရက်တစ်ခါ၊ ၅ ရက်တစ်ခါ လိုက်စစ်ဆေးနေတာတွေရှိတယ်။ကျွန်တော်ကသိနေတယ်။ လင်ကိုမရရင် မယားကိုဖမ်းတော့မယ်ဆိုတာ။ ဒါကြောင့် အမျိုးသမီးကို ခေါ်ထုတ်ပြီး ရှောင်နေတယ်။ နောက် တစ်ရက် နှစ်ရက်ကြာတော့ ကျွန်တော် မိန်းမကို ထပ်ဖမ်းဖို့ လာသေးတယ်။ ဒါပေမယ့် ကြိုရှောင်နေတော့ ဖမ်းမမိသွားဘူး” ဟုပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံ နေအိမ်တချို့ကိုဝင်ရောက်ကာ စစ်ဆေးမေးမြန်းမှုများရှိခဲ့ကြောင်း ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့နှစ်ရက် သုံးရက်လောက်ကလည်း တချို့အိမ်တွေကို ဝင်မွှေတာတွေ ရှိခဲ့သေးတယ်။ မှတ်ပုံတင်တွေ၊ ဓာတ်ပုံတွေကိုတောင်းတာမျိုးတွေ လုပ်ခဲ့တယ်” ဟု ပြောသည်။

ဇူလိုင် ၁၅ ရက်နေ့ ညအချိန်တွင်လည်း ကျောက်ဖြူမြို့နယ် ဇင်ချောင်း ကျေးရွာတွင် ULA တိုက်နယ်မှူးကို စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေမှု ပြုလုပ်ခဲ့ပြီး ၎င်းနှင့် ဆက်စပ်သည့်နေအိမ်ဟု သံသယရှိခံရသည့် မြေးအဖွားနှစ်ဦးကို ဝင်ရောက်စစ်ဆေးခဲ့ပြီး သေနတ်ပြ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက နိရဉ္စရာသတင်းဌာနကို ပြောကြားသည်။

ယင်းအပြင် ရခိုင်မှ တခြားမြို့နယ်များတွင်လည်း ရက္ခိုင့်တပ် AA နှင့် ဆက်စပ်သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးမှုများ၊ လိုက်လံရှာဖွေမှုများ ရှိနေပြီး ဖမ်းဆီးခံရသူများကိုလည်း ရုံးတင် တရားစွဲဆိုမှုများ ရှိနေသည်။

မြန်မာစစ်ကောင်စီသည် ရက္ခိုင့်တပ်တော် ( AA) နှင့် နားလည်မှုဖြင့် အပစ်အခတ် ရပ်စဲထားသော်လည်း တစ်ဖက်တွက် ထိုင်းနယ်စပ်အနီးရှိ KNU တပ်မဟာ ၅ နယ်မြေအခြေစိုက် အေအေစခန်းကို ဗုံးကြဲ တိုက်ခိုက်ခြင်း၊ ရခိုင်ပြည်နယ်တွင် အေအေနှင့် ဆက်စပ်ပတ်သက်သူများကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးခြင်းများကို ဆက်တိုက်ဆိုသလို ပြုလုပ်နေကြာင်း သတင်းရရှိသည်။ (NN-7)

https://www.facebook.com/narinjara.info/posts/5647085391970158

Leave a Reply

Your email address will not be published.