By Border News Agency/2022 July 10
(ဓာတ်ပုံ-ကျောက်တော်တောင်ထက်ကမြင်ရတဲ့ ကျောက်တော်မြို့မြင်ကွင်း တစ်ခု/BNA)
ရခိုင်ပြည်နယ်၊ကျောက်တော်မြို့ရှိကမ္ဘာ့ရတနာဘ ဏ်မန်နေဂျာကိုဇူလိုင်လ ၉ ရက်၊မနေ့ညနေက ရက္ခိုင့်တပ်တော် (AA)က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်တွေက အတည်ပြုပြောပါတယ်။
အဲဒီအသက် ၅၀ ကျော်အရွယ်၊ဦးဝင်းနိုင်ဟာ ကျောက်တော်မြို့၊မြို့သစ်ရပ်ကွက် ရှိ ကမ္ဘာ့ရတနာဘဏ်အပေါ်ထပ်မှာနေထိုင်တာဖြစ်ပြီး မနေ့က ကျောက်တော် မြို့နယ်က ကျေးရွာတစ်ရွာသို့သွားရာမှာ အေအေအဖွဲ့က ဖမ်းဆီးသွားတာလို့ သိရပါတယ်။
“သူတို့လင်မယားက ဘဏ်ရဲ့အပေါ်ထပ်မှာနေကြတာ။သူ့မိန်းမက ရွှေပြည်ရွာ ကပေါ့။ရွှေပြည်မှာဆွေမျိုးတစ်ယောက် ဆယ်တန်းအောင်တာကို အကျွေးအ မွေးရှိလို့သွားကြတာ။အဲဒီကနေခေါ်သွားကြတာပေါ့။”လို့ မိသားစုဝင်တစ်ဦးက BNA သို့ ပြောပါတယ်။
အဲဒီဦးဝင်းနိုင်ဟာ မြန်မာစစ်တပ်ကနေအငြိမ်းစား ယူထားတာငါးနှစ်ရှိနေပြီး လက်ရှိကမ္ဘာ့ရတနာဘဏ်(ကျောက်တော်)ရဲ့မန်နေဂျာတာဝန်ယူထားသလို ကျောက်တော်မြို့နယ်၊စစ်မှုထမ်းဟောင်းအသင်းရဲ့ဥက္ကဌလည်းဖြစ်တယ် လို့မြို့ခံတချို့က ဆိုပါတယ်။
”ဘာကြောင့် ခေါ်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။အေအေက ဖမ်းသွားတာဆိုတော့ ပြန်လွတ်လာလိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ ကျွန်မတို့နဲ့တော့ အဆက်သွယ်မရသေးဘူး။”လို့ သူရဲ့ဆွေမျိုးတစ်ဦးက BNA သို့ပြောပါတယ်။
ဦးဝင်းနိုင်ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတာမှန်တယ်လို့ ကျောက်တော်မြို့၊မြို့သစ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြသန်းက အတည်ပြုပြောပါတယ်။
အဲဒီဦးဝင်းနိုင်အဖမ်းခံလိုက်ရပြီနောက် ဒီနေ့မနက်ကစတင်ပြီး စစ်သား ၁၀၀ ခန်းဟာ ကျောက်တော်မြို့မှာ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ကျောက်တော် ဒေသခံတွေက ဆိုပါတယ်။
“ဒီနေ့မနက်ကပဲ အင်အားတစ်ရာလောက်ရှိတဲ့စစ်သားတွေက မြို့ထဲမှာ ပြည်သူ တွေ အသွားအလာကို စစ်နေပါတယ်။မှတ်ပုံတင်တွေကိုစစ်တယ်ပေါ့။”လို့ ကျောက်တော်မြို့ခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၁၁ ရက်နေ့က ကျောက်တော်မြို့ပေါ်မှာ စစ်ကောင်စီတပ်သား နှစ်ယောက်နဲ့ဇွန်လ ၂၀ ရက်နေ့ကလည်း ကျောက်တော်မြို့မရဲစခန်းမှ ရဲသုံးယောက်ကို အေအေက ဖမ်းဆီးသွားခဲ့ပါတယ်။
#BNA#ကျောက်တော်#ကမ္ဘာ့ရတနာဘဏ်#မန်နေဂျာ#AA#ဖမ်းဆီး# စစ်မှုထမ်းဟောင်း#
https://www.facebook.com/permalink.php?story_fbid=179988324443482&id=107469705028678