By Voice Of Westland/2022 July 06
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)တို့နဲ့ (၂)နှစ်ခွဲကျော်ကြာအမှုရင်ဆိုင်ခဲ့ရတဲ့ ကျောက်ဆိပ်ရွာသား(၅) ဦးကို ဒီကနေ့မှာ ပုဒ်မ ၅၂(က) နဲ့ ထောင်ဒဏ်သုံးနှစ်စီ ချမှတ်လိုက်တယ်လို့ အမှုလိုက်ပါဆောင်ရွက်ခဲ့တဲ့ ရှေ့နေက ပြောပါတယ်။
” သူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ
၅၂(က)နဲ့ ထောင်သုံးနှစ်အမိန့်ချမှတ်လိုက်ပါတယ်။ချုပ်ရက်ခံစားခွင့်ရပါတယ်။ချုပ်ရက်က ၂ နှစ်နဲ့ ၂
လခွဲရှိတယ်” လို့ တရားလွှတ်တော်ရှေ့နေ ဦးကျော်
ညွန့်မောင်က VOW ကို ပြောပါတယ်။
ထောင်ဒဏ် သုံးနှစ်ချမှတ်ခံခဲ့ရတဲ့ ကျောက်ဆိပ်ရွာသားတွေဟာ ကိုညီညီအောင်(၂၄)နှစ်၊ ကိုအောင်မျိုးလင်း (၂၄)နှစ်၊ ကိုမောင်ချေ (၂၄) နှစ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှ ကိုမင်းစိုး(၃၈)နှစ်နဲ့ မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီး ကျေးရွာက ကိုကျော်ဝင်းဟိန်း(၂၂)နှစ်တို့ဖြစ်ပါတယ်။
သူတို့ငါးဦးကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က ဖမ်းဆီးခံခဲ့ပြီး ပုဏ္ဏားကျွန်းမြို့အခြေစိုက် (၅၀၅)တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)တို့နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
သူတို့ငါးဦးကို ဒီကနေ့ဇူလိုင်လ ၆ ရက်နေ့မှာ စစ်တွေခရိုင်တရားရုံးက တစ်ဦးကို ထောင်ဒဏ်သုံးနှစ်စီချမှတ်ခဲ့တာဖြစ်ပါတယ်။