By Narinjara / 2022 June 14

ရခိုင်ပြည်နယ်တွင် ရောင်းချနေကြသည့် စစ်ကောင်စီထုတ်ကုန်များကို ပြည်သူလူထုမသုံးစွဲကြရန်အတွက် တားမြစ်မှုကို မလုပ်နိုင်သေးသော်လည်း လုပ်နိုင်သည့်အခြေအနေသို့ရရှိလာမှသာ ကြိုးစားပြီး လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ပြောဆိုလိုက်သည်။
ယခုလိုပြောဆိုမှုကို ယနေ့ ဇွန်လ ၁၄ ရက်က ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်နံပါတ် (ဝဝ၃)၏ မေးမြန်းမှုကို ULA/ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“ဒီဟာတွေနဲ့ပတ်သက်လို့ကျွန်တော်တို့မှာ အလုပ်တခုလုပ်တယ်ဆိုရင် အဲဒီအလုပ်ကိုမလုပ်ခင်ကနေ ကျွန်တော်တို့ အချက်အလက်ကောက်တာတွေ ကိုလုပ်ရပါတယ်။ ဘယ်လိုအချိန်မှာဘာလုပ်မလဲဆိုတာထက် ကျွန်တော်တို့လုပ် သင့်လုပ်ထိုက်တဲ့အလုပ်တစ်ခုကို လုပ်နိုင်တဲ့အခြေအနေမှာ ကြိုးစားပြီးတော့လုပ်သွားမယ်။ ဒီလိုအခြေအနေတော့ရှိပါတယ်”ဟု ဆိုသည်။
ယင်းအပြင် ULA/AA အနေဖြင့် စစ်တပ်ထုတ်ကုန်များဖြစ်သည့် အရက်၊ ဘီယာများကို မသောက်ရဟုဆိုလိုက်လျှင်လည်း ပြည်သူလူထုအနေဖြင့် ခိုးဝှက်ကာသောက်ကြမှာဖြစ်သည့်အတွက် အဆိုပါနေရာတွင် မည်သည့်အရာကို အစားထိုးသွားမလဲဆိုသည်ကို အရင်စဉ်းစားရမည်ဖြစ်ကြောင်း ဦးခိုင်သုခက ပြောဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်တပ်ထုတ်ကုန်များကို မဝယ်ယူ၊ မသုံးစွဲကြရန် သပိတ်တစ်ရပ်အနေဖြင့် ပြုလုပ်နေကြသည်မှာ ယနေ့အချိန်ထိဖြစ်သည်။
စစ်ကောင်စီထုတ်ကုန်ပစ္စည်းများကိုသပိတ်မှောက်ရန် AA အဆင့်မြင့်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးအေးထွန်း(ခေါ်) ထွန်းမင်းနိုင်က သူ၏ လူမှုကွန်ဲရက်စာမျက်နာမှတဆင့် ပြီးခဲ့သည့် မေလ ၁၇ ရက်တွင် သတိပေးရေးသားခဲ့သည်။
Mytel မသုံးစွဲရန်၊ အရက်၊ ဘီယာတို့အပါအဝင် ဦးပိုင်ထုတ်ကုန်များကို မသုံးစွဲရန်ပြောဆိုထားခြင်းဖြစ်ပြီး အခြား မသိရသေးသောထုတ်ကုန်များနှင့် ပတ်သက်ပြီး ဗမာပြည်သူများထံ စုံစမ်းမေးမြန်းရန်လည်း သူက အကြံ ပြုခဲ့သည်။
ယင်းအပြင် ယခုနှစ်သင်္ကြန်ကာလအတွင်း ကျောက်တော်ဇီးချောင်းဆည်သင်္ကြန်တွင်လည်း စစ်တပ်ပိုင်ထုတ်ကုန်များတွင်ပါဝင်သည့် အရက်နှင့်ဘီယာများကို ရောင်းချခွင့်မပြုရန် AA က တားမြစ်မှုရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
https://www.facebook.com/narinjara.info/posts/5552098008135564