AA အတွက် ရန်ပုံငွေကောက်ခံသည်ဟုဆိုကာ ဖမ်းဆီးခံကျောက်ဖြူဒေသခံ ၂ဦးအား နိုင်ငံတော် အကြည်အညိုပျက်စေမှုဖြင့် အမှုဖွင့်

By Western News/ 2022 June 03

ရက္ခိုင့်တပ်တော် (AA) အား ရန်ပုံငွေထောက်ပံ့ပေးသည် ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် ကျောက်ဖြူဒေသခံနှစ်ဦးအား နိုင်ငံတော် အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားသည်ဟု သိရှိရသည်။

အမှုဖွင့် ခံရသူ ၂ ဦးမှာ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှ ဦးသန်းလှိုင် (၄၁) နှစ်နှင့် ဒေါ်ခင်အုန်းနွဲ့ (၅၆) နှစ်တို့ ဖြစ်ကြသည်။

၄င်းတို့နှစ်ဦး၏ အမှုအား လာမည့် ဇွန်လ ၁၀ ရက်နေ့တွင် ပထမဆုံးအကြိမ် ရုံးထုတ်မည်ဟု ဒေါ်ခင်အုန်းနွဲ့၏ သမီး မမြနှင်းနွဲ့အောင် က ပြောသည်။

“လက်ရှိအခြေအနေကတော့ ၆ လပိုင်း ၁၀ ရက်နေ့မှာ ရုံးထုတ််မယ်။ ၅၀၅ (က) နဲ့ အမှုဖွင့်ထားတယ်လို့ ရဲစခန်းက သိရှိရတယ်။ မေလ ၂၇ ရက်နေ့က ရုံးတင်တဲ့အချိန်မှာ သိရတာပါ။ သူနန့်တော့ တွေ့ခွင့်မရဘူး။ တရားလိုကတော့ ဘယ်သူလုပ်တယ်ဆိုတာကိုတော့ တိတိကျကျမသိဘူး” ဟု ပြောသည်။

၄င်းတို့နှစ်ဦးအား ပြီးခဲ့သော မေလ ၂၆ ရက်နေ့ ညနေ ၄ နာရီခန့်တွင်  ကျောက်ဖြူ အခြေစိုက် ခလရ(၃၄) တပ်ရင်းမှ တပ်ဖွဲ့ဝင်များကဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လက်ရှိတွင် ကျောက်ဖြူမြို့မရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သူကဆက်ပြောသည်။

သူတို့နှစ်ဦးအား မေလ ၂၆ ရက်နေ့က အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးက ဖမ်းဆီးသွားကြောင်း မိသားစုဝင်များက ပြောဆိုကြသည်။

ဒေါ်ခင်အုန်းနွဲ့တွင် ပန်းနာ၊ ရင်ကျပ် ရောဂါနှင့် သွေးအားနည်း ရောဂါရှိသည့်အတွက် မိခင်ဖြစ်သူနှင့် တွေ့ခွင့်ရချင်သလို သူ့ကျန်းမာရေးအတွက်လည်း အထူးစိုးရိမ်မိသည်ဟု မမြနှင်းနွဲ့အောင်က ပြောသည်။

ဦးမောင်သန်းလှိုင်မှာ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်တွင် အိမ်ငှားနေထိုင်ပြီး ဘေးတွဲဆိုင်ကယ်မောင်းနေသူတစ်ဦးလည်းဖြစ်သည်။

အမျိုးသားဖြစ်သူ ဖမ်းဆီးခံထားရသည့်အတွက် သားသမီးနှစ်ဦး၏ ပညာရေးနှင့် စားဝတ်နေရေးတို့ အခက်အခဲဖြစ်နေသည်ဟု ဦးမောင်သန်းလှိုင်၏ ဇနီးဖြစ်သူ မချိုချိုသန်းက ပြောသည်။

“ကျမတို့က လူအိမ်မှာ အိမ်ငှားပြီးတော့ နေရတယ်။ နောက်ပြီးတော့ သားသမီးတွေအတွက်လည်း အခက်အခဲရှိတယ်။ ဆယ်တန်းသမီးတစ်ယောက်ရှိတယ်။ grade 1 တက်နေတဲ့ သားတစ်ယောက်ရှိတယ်။ သူတို့တွေကို ကျောင်းအပ်လို့တော့ပြီးပြီ။ ဒါပေမဲ့ ကျူရှင်တက်ဖို့ အတွက်က အခက်အခဲတွေရှိတယ်” ဟု ပြောသည်။

ဦးမောင်သန်းလှိုင်မှာ ဆိုင်ကယ်အက်စီးဒင့်တစ်ခါဖြစ်ပွားခဲ့နောက် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး အာရုံကြောအားနည်းခြင်းနှင့် နာရည်ယိုခြင်းဝေဒနာတို့ စွဲကပ်ခဲ့ကာ မကြာခဏ ဆေးခန်းပြနေရသူတစ်ဦးလည်းဖြစ်သည်ဟု ဇနီးဖြစ်သူက ဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကျောက်ဖြူ မြို့မရဲ့စခန်းသို့  ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း အဆက်သွယ် မရရှိခဲ့ပါ။

ရခိုင်တွင် ယခုလပိုင်းအတွင် စစ်ကောင်စီဖက်မှ လှုပ်ရှားမှုများ ရှိလာနေသလို ULA / AA အမာခံများအားလည်း ရှာဖွေမှုများ ရှိလာနေသည်ဟု ဒေသခံများက ပြောဆိုကြသည်။စစ်ကောင်စီတပ်နှင့် AA တပ်တော်ကြားတွင်လည်း တင်းမာမှုများလည်း ရှိလာနေကြောင်း သိရှိရသည်။

https://www.facebook.com/westernnewsagency/posts/535885631551279

Leave a Reply

Your email address will not be published.