By Western News/ 2022 June 15

မြန်မာစစ်တပ်ဖက်က ယခုနှစ်မေလနှင့် ဇွန်လအတွင်းတွင် ULA/AAတပ်ဖွဲ့ဝင်များကို ဖမ်းဆီးမှုများစွာရှိနေသည်ဟု ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့က ပြုလုပ်သည့် တတိယအကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ULA/AA က ပြောသည်။
ယင်းကြောင့် ULA/AAဖက်ကလည်း တဖန်ပြန်လည် မြန်မာစစ်တပ်၏တပ်ဖွဲ့ဝင်များကို ပြန်လည်ဖမ်းဆီးထားသည်ဟု ဆိုသည်။
မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင် အရာရှိတစ်ချို့ကို ULA/AAကဖမ်းဆီးထိန်းသိမ်းထားပြီး မိမိတို့တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးလျှင် ၎င်းတို့လည်း ပြန်လွှတ်မည်ဟု ဦးခိုင်သုခကပြောသည်။
“စစ်တပ်က ကျွန်တော်တို့ ULA/ AAရဲ့တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးထားတာရှိတာရှိပါတယ်။ အရင်လနဲ့ဒီလထဲမှာ စစ်တပ်က ဖမ်းဆီးထားတာရှိပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ဖက်က ပြန်ပြီး ဖမ်းဆီးရတာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ စစ်တပ်က အရာရှိတစ်ချို့ကို ထိန်းသိမ်းထားတာရှိပါတယ်”ဟု ပြောသည်။
ဖမ်းဆီးထားသည့် မြန်မာ့စစ်သားများကို နှိပ်စက်ခြင်းမရှိဘဲ ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း စစ်တပ်ဖက်ကလည်း ULA/AA၏တပ်ဖွဲ့ဝင်များကို မနှိပ်စက်ရန်မျှော်လင့်သည်ဟု ဦးခိုင်သုခကပြောသည်။
“သူတို့ကို နှိပ်စက်မှုမရှိဘဲ ဒီအတိုင်း ထိန်းသိမ်းထားတာပါ။ကျွန်တော်တို့ တပ်သားတွေကိုလည်း မနှိပ်စက်ဖို့မျှော်လင့်ပါတယ်။ စစ်တပ်ဖက်က ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေပြန်လွှတ်ရင် ကျွန်တော်တို့ဖက်က ပြန်လွှတ်ပေးမှာပါ”ဟုပြောသည်။
ဖမ်းဆီးခံထားရသည့် တပ်ဖွဲ့ဝင်များ ပြန်လွတ်ရေးအတွက် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်းလည်း သိရှိရသည်။ ယင်းပြင် မြန်မာစစ်တပ်ဖက်က ULA/AAတပ်ဖွဲ့များကို ဆက်လက်ဖမ်းဆီးလျှင် မိမိတို့အနေဖြင့်လည်း လက်တုံ့ပြန်သွားမည်ဟု ပြင်းပြင်းထန်ထန် တုံ့ပြန်သွားခဲ့သည်။
စစ်တပ်ဖက်က ဖမ်းဆီးထားသည့် ULA/AAတပ်ဖွဲ့ဝင်အရေအတွက်နှင့် ULA/AAဖက်က ပြန်လည်ဖမ်းဆီးထားသည့် တပ်ဖွဲ့ဝင်အရေအတွက်တို့ကိုကား ထုတ်ပြောသွားခြင်း မရှိပေ။
ပြီးခဲ့သည့် ဇွန်လ ၁၁ရက်နေ့က ကျောက်တော်မြို့တွင်ဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ်က တပ်ကြပ်နှစ်ဦးကို AAဖက်က ဖမ်းဆီးခြင်းမှာ ဟုတ်မှန်သည်ဟုလည်း ဦးခိုင်သုခက အတည်ပြုပြောကြားသည်။
မြန်မာစစ်တပ်ဖက်က ယခုနှစ် ဧပြီလမှ စတင်ကာ ရခိုင်မြို့နယ်များမှ ကျေးရွာများတွင် ULAA/ AA၏ ကျေးရွာတာဝန်ခံများကို ဖမ်းဆီးရန် ရှာဖွေမှုများဆက်တိုက်လုပ်ဆောင်နေသည်။
ပြီးခဲ့သည့် မေလ၁၆ရက်နေ့မှ ၁၉ရက်နေ့အထိ တောင်ကုတ်မြို့နယ် တန်းလွှဲကျေးရွာတွင် ၄ရက်ကြာ တပ်စွဲကာ ULA/AAကျေးရွာတာဝန်ခံများကိုရှာဖွေခဲ့သည်။
၄င်းအပြင် မေလ ၂၆ ရက်နေ့ကလည်း ရမ်းဗြဲမြို့နယ် လေးတောင်ကျေးရွာမှ ULA / AA အမာခံများအား ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် ကျောက်ဖြူဒေသခံ အမျိုးသမီး တစ်ဦး ၊အမျိုးသား တစ်ဦးတို့ကိုလည်း AAအတွက်ငွေကြေးကောက်ခံသည်ဟုဆိုကာ ဖမ်းဆီးတရားစွဲဆိုထားသည်။