၁ ပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထက်မနည်း AA က ဖမ်းဆီ

By Western News/ 2022 June 18

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ပုဏ္ဏားကျွန်းမြို့နှင့် မြောက်ဦးမြို့နယ်များတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို တစ်ပတ်အတွင်း ၄ ဦးထက်မနည်း ရက္ခိုင့်တပ်တော်က AA က ဖမ်းဆီးခဲ့သည်။

ဇွန်လ ၁၁ ရက်နေ့တွင် ကျောက်တော်မြို့အခြေစိုက်စကခ ၉ က စစ်ကောင်စီတပ်သား၂ ဦးကို ဖမ်းဆီးခဲ့ပြီး ဇွန်လ ၁၆  ကလည်း ပုဏ္ဏားကျွန်းတွင် ဆောက်လုပ်ရေး ပစ္စည်းများဝယ်ရန်လာသည့် စစ်ကောင်စီတပ်သား ၁ ဦးနှင့် ဇွန်လ ၁၇ ရက်နေ့ မြောက်ဦးမြို့နယ် တိန်ညိုရွာ တိန်ညိုရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သား ၁ ဦးကို ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။

ထို့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းရခြင်းမှာ စစ်ကောင်စီမှ ULA/AA တပ်ဖွဲ့ဝင်များ၏ နေအိမ်များကို ညအချိန်များတွင် ဝင်ရောက်ဖမ်းဆီးခြင်းများရှိနေအတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ပြန်လည်ဖမ်းဆီးရခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA ဖက်က ပြောသည်။

ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သူခက “မြန်မာစစ်တပ်ဖက်က ကျနော်တို့ ULA/AA တပ်ဖွဲ့ဝင်တွေရဲ့ အိမ်တွေကို ညဖက်တွေဝင်ပြီးတော့ ဖမ်းဆီးတာတွေလုပ်တယ်။ အဲဒီအတွက် သူတို့ တပ်ဖွဲ့ဝင်တွေကိုလည်း ကျနော်တို့ ဖမ်းဆီးရတာ ဖြစ်တယ်”ဟု ပြောသည်။

ကျောက်တော်မြို့အခြေစိုက်စကခ ၉ က စစ်ကောင်စီတပ်သား၂ ဦးကို AA ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်အင်အား ၁၂၀ခန့် မြို့အတွင်း ဝင်ရောက်မွှေနှောက်မှုဖြစ်ပွားခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ချို့ကို ဖမ်းယူစစ်ဆေးမှုများရှိခဲ့သည်။

အလားတူဆောက်လုပ်ရေး ပစ္စည်းများဝယ်ရန်လာသည့် စစ်ကောင်စီတပ်သား ၁ ဦးကို ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးနောက်ပိုင်းတွင် စစ်ကောင်စီက ပုဏ္ဏားကျွန်းမြို့ခံ ၁၂ ဦးထက် မနည်း ဖမ်းဆီးခေါ်ဆောင်သွားသည်။

ယင်းအပြင် ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပုဏ္ဏားကျွန်းမြို့အတွင်း ဝင်ရောက်ကာသေနတ် ပစ်ဖောက်ခြင်းများပြုလုပ်ခဲ့ပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

ဖမ်းဆီးထားသည့် ULA/AA အဖွဲ့ဝင်များအား စစ်ကောင်စီတပ်ဖက်က ချက်ချင်း ပြန်လွှတ်ပေးပါက ULA/AA ဖက်ကလည်း ဖမ်းဆီးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချက်ချင်း ပြန်လည် လွှတ်ပေးမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြီးခဲ့သည် ဇွန် ၁၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ်တလျောက် အဝေးပြေးလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင် နေရာချထားပြီး ခရီးသည်တင်ကားများ၊ ကုန်တင်ကားများနှင့် ခရီးသည်များအား စစ်ဆေးမှုများ ရှိနေသည်။

ယင်းအပြင် ဆောက်လုပ်ရေး ပစ္စည်းများအပါအဝင် ကုန်ပစ္စည်း ၅၀ ကျော်ကို ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၏ လက်မှတ်ပါမှ တင်သွင်းခွင့်ရမည်ဟု ကန့်သတ်မှုများရှိနေသည်။

https://www.facebook.com/westernnewsagency/posts/545613017245207

Leave a Reply

Your email address will not be published.