By Boder News Agency (BNA) / 2022 June 14
အုပ်စုဖွဲ့ရိုက်နှက်ခံခဲ့ရတဲ့ စေတီတောင်တိုက်နယ်ဆေးရုံက သူနာပြုဆရာမ ကိစ္စနဲ့ပတ်သက်ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)ရဲ့ ဖြေကြားချက်ဟာ မြေပြင်အခြေအနေနဲ့ ကွဲလွဲနေတယ်လို့ ကာယကံရှင် သူနာပြုဆရာမက ပြောပါတယ်။
ဘူးသီးတောင်မြို့နယ်၊စေတီတောင်တိုက်နယ်ဆေးရုံက ဆရာမတစ်ဦးကို အဲဒီဆေးရုံမှ ဆရာဝန်ဒေါက်တာညီညီမောင်၊သူ့ဇနီးနဲ့သူ့တပည့်တို့က အဆောင်အခန်းထဲထိဝင်ရောက်ပြီး ရိုက်နှက်ဆဲဆိုတာတွေ ပြုလုပ်ခဲ့ ကြတာဖြစ်ပါတယ်။
အဲဒီလိုအုပ်စုဖွဲ့ရိုက်နှက်ခြင်းမတိုင်မီကလည်း ဖုန်းကနေတစ်ဆင့် လိင်ပိုင်းဆိုင် ရာစော်ကားတဲ့အသုံးအနှုန်းတွေနဲ့ စာပို့တာရှိခဲ့တယ်လို့ ကာယကံရှင်ကပြော ထားပါတယ်။
အဲဒီကိစ္စအပေါ်ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ ULA တာဝန်ရှိသူတွေက ရိုက်နှက် ခံခဲ့ရတဲ့ သူနာပြုဆရာမအပါအဝင်ဆေးရုံဝန်ထမ်းတွေကို သုံးရက်တိုင် ခေါ်ယူ စစ်ဆေးခဲ့ပေမယ့်လည်း အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာမတွေ့ခဲ့ရဘူးလို့ ကာယကံရှင်မိသားစုက ဆိုပါတယ်။
အဲဒီအခြေအနေနဲ့ပတ်သက်လို့ ဒီနေ့ပြုလုပ်တဲ့ ULA /AA ရဲ့သတင်းစာရှင်းလင်း ပွဲမှာ BNAက မေး မြန်းတဲ့အခါမှာ ပြန်ကြားရေးတာဝန်ခံခိုင်သုခက “မေးမြန်း သင့်တဲ့အနေအထားတွေကို ကျွန်တော်တို့ဆီက မေးမြန်းစိစစ်လိုက်တာရှိပါ တယ်။ဒါပေမယ့်လည်း နှစ်ဦးနှစ်ဖက်က သူတို့ကျန်းမာရေးဌာနကဖြစ်တဲ့ အတွက်ကြောင့် သူတို့ဌာနတွင်းမှာပဲ ဖြေရှင်းမယ်ဆိုတဲ့ သူတို့ရဲ့ ရွေးချယ်မှု အပေါ်မှာ ကျွန်တော်တို့ကနေပြီးတော့ အဲဒီဖက်ကိုလွှဲပြောင်းပေးလိုက် တာဖြစ်ပါတယ်။”လို့ ရှင်းလင်းခဲ့ပါတယ်။
အဲဒီပြောဆိုချက်ဟာ မြေပြင်အခြေအနေနဲ့ ကွဲလွဲနေပြီးလိုရာဆွဲပြီးပြောနေ တာဖြစ်တယ်လို့ ကာယကံရှင်၊အုပ်စုဖွဲ့ရိုက်နှက်ခံခဲ့ရသူ သူနာပြုဆရာမက ပြောပါတယ်။
သူနာပြုဆရာမက ဌာနတွင်းမှာဖြေရှင်းမယ်လို့ ပြောကြားခဲ့တာမရှိဘူးလို့လည်း ပြောပါတယ်။
“အမှန်တရားပေါ်ပေါက်အောင်လုပ်ပေးပါ။အမှန်တရားဘက်ကပဲ ရပ်တည်ပေး ပါဆိုပြီးတော့ သူတို့ (ULAက အမှုစစ်သူတွေ)ကို အားလုံးပြောပြီးသားပါ။ကျွန်မ ဖြစ်စဉ်တွေကိုလည်း သူတို့ကို ပြောပြခဲ့တယ်လေ။အခုဖြေရှင်းပေးတာက ဒီလို မျိုးပဲဖြေရှင်းပေးလာတယ်ပေါ့လေ။”လို့ ၎င်းက ဆိုပါတယ်။
ULAက စစ်ဆေးမေးမြန်းတဲ့အခါမှာလည်း မျှတမှုမရှိဘဲ မမှန်မကန်ဘက်လိုက် ပြီးတော့ စစ်ဆေးတာတွေရှိခဲ့တယ်လို့ အဲဒီအမှုမှာ ကိုယ်တိုင်စစ်ဆေးခံခဲ့ရ သူတွေက ပြောကြပါတယ်။
အဲဒီပြင် ULAက အမှုစစ်အရာရှိဟာလည်း အုပ်စုဖွဲ့ ရိုက်နှက်မှုမှာပါဝင်ခဲ့တဲ့ စေတီတောင်ဆေးရုံအုပ် ဒေါက်တာညီညီမောင်နဲ့ အရက်)သောက်ဖော်သော က်ဖက်တွေဖြစ်ကြောင်း သူနာပြုဆရာမတစ်ဦးရဲ့ ပြောစကားကို Myanmar Now သတင်းဌာနမှာ ရေးသားထားပါတယ်။
အဲဒီအခြေအနေတွေနဲ့ပတ်သက်ပြီး BNA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒေါက်တာညီညီမောင်ဟာ ULA/AA အဖွဲ့ဝင်တွေနဲ့ အလွန်နီးစပ်သူတစ်ဦး ဖြစ်ပြီး အမြဲတမ်းအဝင်အထွက်ရှိတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ မျက်မြင်ဒေသခံတွေက ပြောကြပါတယ်။
လက်ရှိမှာလည်း ဒေါက်တာညီညီမောင်ဟာ ရက္ခိုင့်တပ်တော်(AA)ထိမ်းချုပ် နယ်မြေဖြစ်တဲ့ စေတီတောင်မှာဆေးခန်းဖွင့်ပြီးနေထိုင်လျက်ရှိတယ်လို့ ဆိုကြပါတယ်။
ဒေါက်တာညီညီမောင်ဟာ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းမှာလည်း ပုဒ်မသုံးခုနဲ့ အမှုဖွင့်ခံထားရပါတယ်။အဲဒီအမှုမှာ တရားလိုဖြစ်သူ သူနာပြုဆရာ မအပါအဝင်ဆေးရုံဝန်ထမ်းငါးဦးကို ရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့တာရှိပေမယ့် ဒေါက်တာညီညီမောင်ကိုတော့ တစ်စုံတစ်ရာခေါ်ယူစစ်ဆေးတာမျိုးမရှိသေး ဘူးလို့လည်း အမှုအပေါ် ကူညီပေးနေသူတွေက ပြောကြပါတယ်။
အဲဒီအမှုဟာလည်း စုံစမ်းစစ်ဆေးနေတဲ့အဆင့်မှာပဲရှိသေးပြီး တရားရုံးတင်နိုင် ခြင်းမရှိသေးဘူးလို့ ဥပဒေပိုင်းဆိုင်ရာကူညီပေးနေသူတွေက ပြောပါတယ်။
ရိုက်နှက်ခံခဲ့ရတဲ့သူနာပြုဆရာမဟာ ကျူးလွန်ခဲ့သူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး၊ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နဲ့ မြန်မာနိုင်ငံသူနာပြုနဲ့သားဖွားကောင်စီ၊လူ့အခွင့်အရေးကော်မရှင်၊အမျိုးသမီး အဖွဲ့ချုပ်တို့ထံလည်း တိုင်စာပေးပို့ထားပါတယ်။
ဒါပေမယ့် လက်ရှိမှာမည်သည့်အဖွဲ့အစည်းကမှ တစ်စုံတစ်ရာအရေးယူဆောင် ရွက်ပေးမှုမရှိသေးဘဲ ကြန့်ကြာနေတယ်လို့ ဆိုပါတယ်။ဒါ့ကြောင့် အမြန်ဆုံး အရေးယူဆောင်ရွက်ပေးဖို့အတွက် ကာယကံရှင်သူနာပြုဆရာမက တောင်း ဆိုပါတယ်။
ဆေးရုံအုပ်ဒေါက်တာညီညီမောင်ကို စေတီတောင်ဆေးရုံမှ စစ်တွေဆေးရုံသို့ နယ်ပြောင်းလိုက်တဲ့စာတစ်စောင်ထုတ်တာကလွှဲလို့ ကျန်တဲ့အရေးယူဆောင် ရွက်မှုတွေလုပ်တာ မတွေ့ရသေးဘူးလို့ ကျန်းမာရေးအသိုင်းအဝိုင်းနဲ့ ကူညီပေး နေသူတွေက ပြောကြပါတယ်။
အဲဒီလိုနယ်ပြောင်းမိန့်ထုတ်ထားတာ တစ်လကျော်ပြီဖြစ်ပေမယ့် လက်ရှိအချိန် ထိ စစ်တွေဆေးရုံသို့ ပြောင်းရွှေ့အလုပ်ဆင်းတာမရှိသေးဘူးလို့လည်း ပြောကြပါတယ်။
ပြီးခဲ့တဲ့မေလ ၁၀ ရက်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီအုပ်စုဖွဲ့ရိုက်နှက်မှုဖြစ်စဉ်ဟာ အခုဆိုရင် တစ်လကျော်ရှိသွားပြီဖြစ်ပါတယ်။
စေတီတောင်ဆေးရုံအုပ်ဟာ ပြီးခဲ့တဲ့ ဇန်ဝါရီလ ၁၁ ရက်နေ့ညက သူနာပြု ဆရာမဆီကို “အတူတူ အိပ်မယ်မလား၊ အိပ်သွားပြီလား” လို့ အဓိပ္ပါယ်ရတဲ့ “အတူတူ အိပ်ဖို့ပါမလား၊ အိပ်ခပါယာလား” ဆိုတဲ့စာကို ဖုန်းကနေပို့ခဲ့ပါတယ်။
အဲဒီကိစ္စကို သူနာပြုဆရာမဟာ မြို့နယ်ဆေးရုံအုပ်ကို တိုင်တန်းခဲ့ပါတယ်။အဲဒီဖြစ်စဉ်အပြီး ဧပြီလ ၁၉ ရက်မှာ ဒေါက်တာညီညီမောင်ရဲ့ဇနီးဟာ ဆေးရုံက ဖန်ခွက်တွေကို ဆေးရုံအရှေ့မှာ ရိုက်ခွဲခဲ့တဲ့အတွက် အနည်းငယ်စကားများ ခဲ့တာရှိတယ်လို့ ဆိုပါတယ်။
အဲဒီကနေစပြီးတော့ ဆရာဝန်လင်မယားဟာ သူနာ ပြုဆရာမပေါ် မကျေမနပ် ဖြစ်နေခဲ့တဲ့အတွက် ခုလိုမျိုးအငြိုးထားဆောင်ရွက်ခဲ့တာဖြစ်တယ် အုပ်စုဖွဲ့ ရိုက်နှက်ခံခဲ့ရတဲ့ ဆရာမနဲ့သူရဲ့လုပ်ဖော်ကိုင်ဖက်တွေက ပြောကြပါတယ်
https://www.facebook.com/permalink.php?story_fbid=174227661686215&id=107469705028678