By Boder News Agency (BNA) / 2022 June 27
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့အထဲမှာ မူဆလင် ကျောင်းသားအပါအဝင် အသက်မပြည့်သေးသူ အနည်းဆုံး ၆ ဦးအထိ ပါဝင် နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်ကောင်စီတပ်တွေဟာ သူတို့ရဲ့တပ်ဖွဲ့ဝင်အချို့ဖမ်းဆီးခံရပြီးနောက် မြို့၊ရွာ၊ရပ်ကွက်တွေအထဲ ဝင်ရောက်ပြီး ဒေသခံတွေကို ဖမ်းဆီးစစ်းဆေးမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပြီးအဲဒီဖမ်းဆီးခံရသူတွေထဲမှာ အသက်မပြည်သေးတဲ့ ကျောင်းသားကလေးငယ်တွေလည်း ပါဝင်နေတာဖြစ်ပါတယ်။
လက်ရှိ စစ်ကောင်စီတပ်တွေဆီမှာ ဖမ်းဆီးခံထားရတဲ့ အသက်မပြည်သေးသူ တွေကတော့ မြောက်ဦးမြို့နယ် ပေါင်းတုတ်မူဆလင်ရွာက ၂ ဦး၊ ပုဏ္ဏားကျွန်း မြို့နယ် ပေါက်တောပြင်ရွာက ကျောင်းသား ၁ ဦးနဲ့ စစ်တွေမြို့မှာ ဖမ်းဆီးခံခဲ့ ရသူ ၃ ဦးတို့ဖြစ်ပါတယ်။
သူတို့ဟာ အသက် ၁၃ နှစ်၊ ၁၄ နှစ်၊ ၁၇ နှစ် အရွယ်တွေဖြစ်ပြီးတော့ လက်ရှိ အချိန်အထိ ပြန်လွှတ်လာခြင်းမရှိသေးဘူးလို့ မိသားစုဝင်တွေက ပြောကြ ပါတယ်။
“မိသားစုတွေကလည်း တော်တော်ကြီးကို စိုးရိမ်ပြီးနေကြရပါတယ်။ အချိန်က လည်း ၅ ရက်လောက်ရှိပြီလေ။ ဘာမှ မသက်ဆိုင်ဘဲ အဖမ်းခံခဲ့ရတာပါ” လို့ပေါင်းတုတ်ရွာမှာ အဖမ်းခံခဲ့ရတဲ့ အသက် ၁၃ နှစ်အရွယ် မူဆလင်လူငယ်ရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
အဲဒီပေါင်းတုတ်ရွာက အသက်မပြည့်သေးတဲ့သူ ၂ နှစ်ဦးဟာ ဇွန်လ ၂၂ ရက်နေ့ က ညက ဖမ်းဆီးခံခဲ့ရတာလို့ ဒေသခံတွေက ပြောကြပါတယ်။ ဒါ့အပြင် ဇွန်လ ၁၆ ရက်နေ့က ပုဏ္ဏားကျွန်းမြို့ကို ဆေးခန်းလာပြတဲ့ ပေါက်တောပြင်ရွာက အသက် ၁၇ နှစ်အရွယ်ကျောင်းသားကိုလည်း မိသားစုတွေက အဆက်အသွယ် မရသေးဘူးလို့ ပြောကြပါတယ်။
ဒါ့အပြင် ဇွန်လ ၁၃ ရက်ကနေ ၂၄ ရက်အတွင်းမှာလည်း စစ်တွေမြို့က အသက်မပြည့်သေးသူ ၃ ဦးကို စစ်တပ်က ဖမ်းဆီးသွားခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
ခုလိုမျိုး ဘာမှမဆိုင်တဲ့အပြစ်မဲ့အရပ်သားပြည်သူတွေကို ဖမ်းဆီးတာမျိုး မလုပ်သင့်ဘူးလို့လို့ မြောက်ဦးမြို့နယ်မှ မူဆလင် ဒေသခံတစ်ဦးက ပြောပါတယ်။
“ဘာမှအပြစ်မရှိတဲ့ကလေးတွေ၊ လူတွေကို ဒီလိုဖမ်းသွားတာက သိပ်စနစ်မကျ ဘူးလို့ မြင်တယ်လေ”လို့ ၎င်းက ဆိုပါတယ်။
ရက္ခိုင့်တပ်တော်(AA)က နောက်ဆုံးထုတ်ပြန်ထားတဲ့စာရင်းတွေအရ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်သုံးခုက ပြည်သူပေါင်း ၃၁ ဦးဟာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးချုပ်နှောင်ထားခြင်းကို ခံနေရဆဲဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီဖမ်းဆီးခံရတဲ့သူတွေဟာ အပြစ်မဲ့အရပ်သားပြည်သူတွေဖြစ်တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တခြားသော မြောက်ဦး၊ ကျောက်ဖြူမြို့နယ်တို့အတွင်းမှာလည်း စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း ကိုခံနေရဆဲသူတွေ ရှိသေး တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။အရေအတွက်အတိအကျမသိနိုင် သေးပေမယ့် ဒေသခံ ၅၀ ဝန်း ကျင်လောက်ဟာ ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ ရခိုင်လူအခွင့်အရေးကာကွယ်မြှင့်တင် သူများအဖွဲ့က ပြောပါတယ်။
စစ်ကောင်စီက အဲဒီလို အရပ်သားပြည်သူတွေကို အပြစ်ရှာပြီး မတရားဖမ်းဆီးမှု၊ပစ်ခတ်၊သတ်ဖြတ်၊ ညှင်းပန်း၊ နှိပ်စက်မှုတွေ ပြုလုပ်နေတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုကိုပြောင်ပြောင်တင်းတင်းကျူးလွန်နေတာဖြစ်တယ်လို့ အဲဒီအဖွဲ့ က ဆိုထားပါတယ်။
အဲဒီလုပ်ရပ်တွေအပေါ် ပြင်းထန်စွာရှုတ်ချကြောင်းလည်း ထုတ်ပြန်ထား ပါတယ်။
ဇွန်လ ၁၆ ရက်နေ့ကနေ ပုဏ္ဏားကျွန်းမြို့ပေါ်မှာ စခဲ့တဲ့ စစ်ကောင်စီတပ်တွေရဲ့ ဒေသခံတွေအပေါ် ဖမ်းဆီးမှုတွေဟာ လက်ရှိအချိန်အထိ ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီလို စစ်ကောင်စီရဲ့ဖမ်းဆီးမှုကို ခံခဲ့တဲ့ ပြည်သူအရေအတွက်ဟာလည်း ၁၀၀ ကျော်အထိ ရှိခဲ့ပြီလို့ ဆိုကြပါတယ်။
https://www.facebook.com/permalink.php?story_fbid=177112151397766&id=107469705028678