By Western News/ 2022 June 08
တစ်ပတ်ကျော်ကြာသည်အထိ စစ်ကောင်စီတပ်ကကျေးရွာအတွင်း တပ်စွဲနေရာယူ အထိုင်ချထားပြီး အုပ်ချုပ်ရေးမှူးအပါအဝင် ကျေးရွာသားသုံးဦးကိုလည်း ဆက်လက်ဖမ်းဆီးထားကြောင်း ပြန်လည်လွှတ်မြောက်လာသည့် ကျေးရွာသားများက Western News ကို ပြောသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ် အဘောင်သားရွာသို့ မေလ ၃၀ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ် တပ်မ (၅၅)၊ ခလရ (၂၃၂)၊ ခလရ (၅၃၉)တို့ပူးပေါင်းစစ်ကြောင်းတခုက စီးနင်းဝင်ရောက်ကာ ရွာသားများကို ရိုက်နှက်ဖမ်းဆီးခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။
ပလက်ဝအခြေစိုက် ခလရ (၂၈၉) တပ်ရင်းတွင် အဘောင်သား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသာထွန်းအောင်၊ ဦးစံနှင့် ကိုအာလာတို့ကို ဖမ်းဆီးထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရိုက်နှက်စစ်ဆေးနေကြောင်း ပြန်လည်လွှတ်မြောက်လာသည့် ကျေးရွာသားများက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များက အဘောင်သားကျေးရွာတွင် အခြေချနေထိုင်တပ်စွဲထားပြီး ကျေးရွာသားအချို့ကို လွှတ်ပေးခဲ့သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသုံးဦးကို ဆက်လက်ဖမ်းဆီးထားသည်ဟု အမည်မဖော်လိုသည့်ကျေးရွာသားတစ်ဦးက Western News ကိုပြောသည်။
“လက်ရှိအချိန်ထိ အုပ်ချုပ်ရေးမှူး အပါအဝင် ရွာသား ၃ ယောက်ကို ဆက်ဖမ်းထားပါတယ်။ ရွာမှာ စစ်ကောင်စီတပ်က အချိန်ပြည့်တပ်စွဲထားပါတယ်။ရွာသားတွေကို ရွာထဲကို လုံးဝ ဝင်ခွင့်မပေးပါဘူး”ဟုပြောသည်။
စစ်ကောင်စီက ကျေးရွာသားများကို ဖမ်းဆီးအချိန်တွင်လည်း ရိုက်နှက်ဖမ်းဆီး စစ်ဆေးမှုများရှိခဲ့ပြီး ကျေးရွာသားအချို့၏ လက်ကိုင်ဖုန်းများသိမ်းဆည်းခဲ့သည်။အဆိုပါ အဘောင်သားရွာတွင် အိမ်ခြေ ၁၄၀ ကျော်ရှိပြီး လူဦးရေ ၆၀၀ ကျော်ခန့် နေထိုင်သည်။
အဆိုပါကိစ္စများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိခဲ့ပေ။
အဘောင်သားကျေးရွာအနီးတွင် မေလ ၂၆ ရက်နေ့က ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ အကြားတိုက်ပွားဖြစ်ပွားမှုများရှိခဲ့သည်ဟု ရက္ခိုင့်တပ် AA ကပြောသည်။
ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့ကလည်း ပလက်ဝမြို့နယ် သံထောင်ကျေးရွာအနီးမှာတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ရိက္ခာလာပို့သည့် ရဟတ်ယာဉ်တစ်စီးကို AA ဖက်က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့မှုများရှိကြောင်း ဒေသခံများကပြောသည်။
https://www.facebook.com/westernnewsagency/posts/539153277891181