အနောက်ဘက်က အော်သံ

By Development Media Group (DMG)/ 2022 June 28

မြန်မာနိုင်ငံ၏ အနောက်ဘက်တွင်ရှိသည့် ရခိုင်ပြည်သည် တောတောင်သဘာဝအလှတရားများ၊ ဘုရားပုထိုး စေတီများနှင့် သဘာဝသယံတများ ပေါကြွယ်ဝသည့် ဒေသတစ်ခုဖြစ်သည်။ အဝေးကလှမ်းမျှော်ကြည့်လျှင် နေချင်စဖွယ်ဒေသတစ်ခုဟု ထင်မြင်နိုင်သော်လည်း ဆယ်စုနှစ်တစ်ခုကြာ ပိတ်လှောင်ခံထားရသူများအတွက် မွန်းကျပ်မှုများဖြစ်ပေါ်ကာ ဤဒေသက ထွက်ပြေးလွတ်မြောက်ချင်သူများရှိနေသည်။

လှောင်ပိတ်ခံထားရသူများ၏ ထုံးစံအတိုင်း စိတ်မွန်းကျပ်ပြီး လှောင်ပိတ်ထားသည့်အကာအရံများကို ချိုးဖျက်ကာ မိမိသွားချင်ရာသို့ သွားလိုကြသည်။ သို့သော် ချိုးဖျက်ပြီးထွက်သွားတိုင်း တစ်နေရာမှာမဟုတ်လျှင် တစ်နေရာတွင် ဖမ်းဆီးခံရပြီး ယင်းထက်အဆတစ်ရာကာရံထားသည့် နေရာများသို့ ပြန်လည်အပို့ခံနေရသည်။

သို့မဟုတ်လျှင် ထွက်ပြေးရန်ကြိုးပမ်းနေစဉ် အန္တရာယ်တစ်စုံတစ်ရာကျရောက်ပြီး အသက်ပါသေဆုံးသွားရတတ်သည်။ လှောင်အိမ်ကိုချိုးဖျက်ပြီး အန္တရာယ်ကင်းစွာ ထွက်ပြေးနိုင်သူက နည်း၏။ ထိုသူတို့ကား အခြားသူများမဟုတ်ဘဲ ရခိုင်ပြည်တွင်နေထိုင်နေကြသည့် မွတ်ဆလင်များပင်ဖြစ်သည်။

လှောင်အိမ်ထဲတွင် ပိတ်လှောင်ခံရခြင်း

ရခိုင်ပြည်တွင်နေထိုင်ကြသော မွတ်ဆလင်များနှင့် ရခိုင်တို့သည် ပဋိပက္ခမဖြစ်ပွားမီကာလက အတူတကွ ယှဉ်တွဲနေထိုင်ခဲ့ကြသည်။ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများတွင်လည်း ကောင်းမွန်သည့်ဆက်ဆံရေးရှိပြီး အပြန်အလှန် အမှီသဟဲပြုခဲ့ကြသည်များလည်းရှိသည်။ သို့ရာတွင် ၂၀၁၂ ခုနှစ်တွင်ဖြစ်ပွားသော မွတ်ဆလင်နှင့် ရခိုင်တို့ကြား လူမျိုးရေး၊ ဘာသာရေးပဋိပက္ခကြောင့် နေအိမ်များဆုံးရှုံးခြင်း၊ အသက်သေဆုံးခြင်း၊ အိုးအိမ်ကို စွန့်ခွာခြင်းတို့ကို နှစ်ဘက်အသိုင်းများ ခံစားခဲ့ကြရသည်။

ယင်းမီးတောက်များကြောင့် ယခင်က ဆက်ဆံရေးကောင်းမွန်ခဲ့ကြသည့် အသိုင်းအဝိုင်းနှစ်ခုသည် ဆက်ဆံရေး ပြတ်တောက်သွားပြီး သံသယစိတ်များဖြင့် အမုန်းတရားများ ရင်ထဲကိန်းအောင်းသွားခဲ့ကြသည်။ ယင်းပဋိပက္ခကြောင့် ရခိုင်များနှင့် မွတ်ဆလင် တစ်သိန်းကျော်မှာ ဒုက္ခသည်စခန်းမှာခိုလှုံခဲ့ရသည်။ ဒုက္ခသည်စခန်းများတွင် အကျပ်အတည်းမြောက်များစွာဖြင့် နေထိုင်နေရသည့် မွတ်ဆလင်များကဲ့သို့ပင် ကျန်မွတ်ဆလင်များမှာလည်း သွားလာခွင့်၊ ဆေးကုသခွင့်၊ ပညာသင်ကြားခွင့်တို့ ဆုံးရှုံးခဲ့ရသည်။

ပဋိပက္ခဖြစ်ပွားခဲ့ချိန်မှစ၍ မွတ်ဆလင်များသည် တစ်ရွာနှင့်တစ်ရွာ၊ တစ်မြို့နယ်နှင့်တစ်မြို့နယ်သို့ ခရီးသွားလာခွင့် မရရှိခဲ့ပေ။ ဒုက္ခသည်စခန်းများနှင့် မွတ်ဆလင်ကျေးရွာများတွင် အာဏာပိုင်များက လုံခြုံရေး တင်းကျပ်စွာချထားသည်။ ထိုသို့အခြေအနေများကြောင့် ဆေးဝါးကုသရန်အတွက်ပါ အခက်အခဲရှိခဲ့ကြောင်း မွတ်ဆလင်များကဆိုသည်။

ခရီးသွားလာခွင့် ရရှိသူများမှာလည်း နိုင်ငံသားစိစစ်ရေးကဒ်ပြား လက်ဝယ်ပိုင်ဆိုင်ထားသူများသာဖြစ်ပြီး အများစုမှာ ယင်းကဒ်မရှိကြပေ။ မှတ်ပုံတင်မရှိကြသူများမှာ ရခိုင်ပြည်နယ်အတွင်း မြို့နယ်တစ်ခုမှ တစ်ခုသို့ နယ်ကျော်သွားလာလျှင် ပုံစံ(၄)ဟုခေါ်သော ခရီးသွားလာခွင့်ထောက်ခံချက် ပါမှသာလျှင် ခရီးသွားခွင့်ရှိပြီး မပါလျှင် အရေးယူခံရသည်ဟုဆိုကြသည်။

မွန်းကျပ်မှုဒဏ် မခံရပ်နိုင်

စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်တွင်နေထိုင်သည့် ကိုမောင်လှ(အမည်လွှဲ)သည် ရခိုင်ပြည်တွင် မွေးဖွားသူဖြစ်သော်လည်း အခက်အခဲမြောက်များစွာဖြင့် ရင်ဆိုင်နေရသောကြောင့် ဤဒေသတွင် မပျော်မွေ့တော့ဘဲ အခွင့်အလမ်းအသစ်များ ရှာဖွေလိုသူဖြစ်သည်။ ရခိုင်ပြည်သည် တိုင်းနှင့်ပြည်နယ်များအနက် ဒုတိယအဆင်းရဲဆုံး ပြည်နယ်ဖြစ်သောကြောင့် အလုပ်အကိုင်အခွင့်အလမ်းလည်း ရှားပါးသည်။

ထို့ကြောင့်ပင် ရခိုင်လူမျိုးများမှာလည်း နိုင်ငံခြားနှင့် ရန်ကုန်၊ မန္တလေး၊ ကချင်ကဲ့သို့ အလုပ်အကိုင်ပေါများသည့် ဒေသများသို့ သွားရောက်အလုပ်အကိုင်ကြရသည်။သို့သော်လည်း မွတ်ဆလင်လူမျိုးများမှာ ယင်းအခွင့်အရေး မရရှိကြပေ။ ရခိုင်ပြည်မှကျော်လွန်လျှင်ပင် အာဏာပိုင်များ၏ ဖမ်းဆီးမှု၊ထောင်ချခံရမှုများ ကြုံတွေ့ရသည်။

စစ်အာဏာသိမ်းပြီးနောက်တွင် ကုန်ဈေးနှုန်းများ အလွန်မြင့်တက်မှုနှင့် အလုပ်အကိုင် အဆင်မပြေမှုများကြောင့် လူတိုင်းကဲ့သို့ပင် မွန်းကျပ်ကြရသည်။ ကိုမောင်လှ(အမည်လွှဲ)သည်လည်း ယင်းဒဏ်များကို ခံစားနေရသောကြောင့် နိုင်ငံရပ်ခြားသို့သွားရောက်ကာ အလုပ်လုပ်ကိုင်ချင်သည်ဟုဆိုသည်။

“ကိုယ့်ရခိုင်ပြည်မှာ အဆင်ပြေနေရင် သွားစရာမလိုဘူး။ အလုပ်အကိုင်အခြေအနေက သိပ်ပါးတယ်။ တစ်ခါတစ်လေဆိုရင် နိုင်ငံခြားထွက်ချင်စိတ်ဖြစ်တယ်။ ဒါပေမယ့် အဖမ်းခံရမှာကြောက်လို့ မသွားရဲဘူး”ဟု ကိုမောင်လှ(အမည်လွှဲ)ကပြောသည်။

နိုင်ငံခြားထွက်ရန် ကြောက်မည်ဆိုလျှင်လည်း ကြောက်စရာပင်ဖြစ်သည့်သာဓကများက ရှေ့တွင် များစွာရှိခဲ့ဖူးသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ပြည်ပသို့ စက်လှေဖြင့်တရားမဝင်သွားရောက်သည့် မွတ်ဆလင် ၁၀၂ ဦးမှာ စစ်တွေမြို့အနီးတွင်ဖမ်းဆီးခံရပြီး မောင်တောမြို့နယ်တရားရုံးက ၎င်းတို့ကို လဝကဥပဒေပုဒ်မ-၁၃(၁)ဖြင့် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခံလိုက်ရသည်။

ထို့ပြင် ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့က ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းကြောင့် မွတ်ဆလင် ၉၀ ခန့်တင်ဆောင်လာသည့် စက်လှေတစ်စီးနစ်မြှပ်ကာ ဧရာဝတီတိုင်း၊ ရွှေသောင်ယံကမ်းခြေတွင် အလောင်း ၁၄ လောင်းတွေ့ရှိခဲ့ပြီး အသက်ရှင်သူ ၂၀ ဦးလည်း ရဲစခန်းမှာ အဖမ်းခံထားရသည်ဟု RFA သတင်းတစ်ပုဒ်တွင်ဖော်ပြထားသည်။ ယင်းအချက်နှစ်ခုသည် သိသာထင်ရှားသည့် ဥပမာနှစ်ခုသာဖြစ်ပြီး ယင်းကဲ့သို့ ဆိုးဝါးသည့်အဖြစ်အပျက်များစွာရှိသည်။

“အဖမ်းခံရလို့ ပြန်လွတ်လာသူမရှိသလောက်ပဲ။ ထောင်ချခံရတယ်”ဟု ကိုမောင်လှ(အမည်လွှဲ)က မွတ်ဆလင်များ ရိုးတောင်တစ်ဖက်သို့ကျော်၍ အဖမ်းခံရလျှင် ဖြစ်ပျက်နေသည့်အခြေအနေကို ပြောပြသည်။

ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ကျေးရွာမှ ကိုကျော်သူ(အမည်လွှဲ)သည် လယ်ယာလုပ်ငန်းလုပ်ကိုင်၍ အသက်မွေး ဝမ်းကျောင်းပြုလုပ်နေသူဖြစ်သည်။ သို့ရာတွင် စစ်အာဏာသိမ်းပြီးနောက် မြင့်မားလာသော ကုန်ဈေးနှုန်းများသည် ၎င်း၏အသက်မွေးကျောင်းကိုပါ ထိခိုက်စေသည်။ မြေဆီဈေး၊ စက်သုံးဆီဈေး မြင့်တက်မှုကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် အဆင်မပြေနိုင်ဟု ဖွင့်ဟသည်။

ထို့ပြင် အနီးအနားရှိ တောတောင်များသို့သွားရောက်ကာ ဟင်းရှာ၊ ထင်းခုတ်ခြင်း၊ တောင်ယာလုပ်ငန်းလုပ်ကိုင် မည်ဆိုသော်လည်း လွန်ခဲ့သည့်တစ်နှစ်ကျော်က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ ပြင်းထန်စွာဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်ဆံများနှင့် မြေမြှုပ်မိုင်း အန္တရာယ်များကိုစိုးရိမ်ရသောကြောင့် မသွားရဲဟု ၎င်းကဆိုသည်။

“အလုပ်အကိုင်အဆင်မပြေလို့ အဲဒီဘက်(နိုင်ငံခြား)ကို သွားချင်တာပါ။ ဒါပေမယ့် သွားချင်ပေမယ့် မှတ်ပုံတင် မရှိဘူး။ ဆိုတော့ အဖမ်းခံရမှာကြောက်လို့ မသွားရဲတာပါ”ဟု ကိုကျော်သူ(အမည်လွှဲ)ကပြောသည်။

ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် ၎င်း၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)သည် ပြီးခဲ့သည့်နှစ်များအတွင်းက ရခိုင်နှင့် မွတ်ဆလင်များ ပြန်လည်သင့်မြတ်ရေးအတွက် လုပ်ဆောင်လာသည်။ မွတ်ဆလင်ရွာနှင့် ရခိုင်ရွာ နီးကပ်စွာတည်ရှိနေလျှင် ယင်းရွာများမှ ဒေသခံများကိုခေါ်ယူကာ ပြဿနာမဖြစ်ပွားအောင် ရှောင်ရှားကြရန်နှင့် အတူတကွ ယှဉ်တွဲနေထိုင်ရေးကိစ္စများကို စည်းရုံးပြောကြားမှုများရှိခဲ့သည်။

လက်ရှိတွင် မွတ်ဆလင်များသည် စစ်တွေမြို့တွင်လည်း ရပ်ကွက်တစ်ချို့ကို လွတ်လပ်စွားသွားရောက်ကာ အလုပ်လုပ်ကိုင်နေမှုများလည်း ရှိနေပြီ။ သို့ရာတွင် ရခိုင်ပြည်ပြင်ပသို့သွားလျှင် တားမြစ်ခံနေရမှု၊ ဖမ်းဆီးခံနေရမှုများကြောင့် စိတ်ပျက်နေကြသည်။

မွတ်ဆလင်များကို လွတ်လွတ်လပ်လပ် သွားလာခွင့်မပေးဘဲ ရခိုင်ပြည်တစ်ခုတည်းတွင် လှောင်ပိတ်ခံထားရသည့်အပေါ် မွတ်ဆလင်တစ်ဦးဖြစ်သူ ဘာသာပြန်စာရေးဆရာ ဦးအောင်ခင်က “အဲဒါ ဘာနဲ့တူလည်းဆိုရင် ကျနော်အရင်လည်းပြောပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက နာဇီ၊ဂျာမနီတွေက ဂျူးတွေကို ဖမ်းပြီးတော့ ချွေးတပ်စခန်းမှာထားပြီး မဝရေစာကျွေးပြီး ‌ဆေးဝါးကုသခွင့်မရ၊ မသေ,သေအောင် ထားတာနဲ့တူတယ်”ဟု ပြောသည်။

နေမျိုးလင်း – ရေးသည်။

https://www.facebook.com/dmgnewsagency/posts/2328632850622446

Leave a Reply

Your email address will not be published.