သံတွဲတွင် ပထမအကြိမ် ငွေသဇင်စာပေဆုပေးပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

By Narinjara / 2022 June 06

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ငွေသဇင်ဖောင်ဒေးရှင်းက ဦးဆောင်ပြီး ပထမအကြိမ်ငွေသဇင်စာပေဆုပေးပွဲကို ယနေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်ဟု သိရသည်။

အဆိုပါဆုပေးပွဲကို သံတွဲမြို့၊ မင်းဘာကြီးလမ်းရှိ အောင်မြေသာစည်ပရိယတ္တိစာသင်တိုက်တွင် ယနေ့ ဇွန်လ ၆ ရက်၊ နေ့လယ် ၁ နာရီမှ ၂ နာရီခွဲထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်ဟု သိရသည်။

ထိုစာပေဆုပေးပွဲတွင် ကဗျာဆု၌ ဂန္တဝင်ကဗျာဆုနှင့် မော်ဒန်ကဗျာဆုအပါအဝင် ဝတ္ထုတိုဆုနှင့် ဆောင်းပါးဆု စသည့် ဆု ၄ မျိုးကို ရခိုင်ဒေသထွက် မဂ္ဂဇင်းများမှရွေးချယ်ပြီး ချီးမြှင့်ပေးခဲ့ခြင်းဖြစ်သည်ဟု ငွေသဇင်ဖောင်ဒေးရှင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုသားကြီးမောင်က ပြောသည်။

“ဒီငွေသဇင် စာပေဆုပေးပွဲမှာ ဆုပေးမှာကတော့ ရခိုင်ဒေသထွက် မဂ္ဂဇင်းတွေထဲက စာမူတွေကို ရွေးချယ်ပြီး ဆုပေးတာဖြစ်ပါတယ်”ဟု ပြောသည်။

ထိုဆုပေးပွဲတွင် ရခိုင်စာရေးဆရာ “အောင်သာဆန်း(သံတွဲ)”၏ မြောက်ဦးမဂ္ဂဇင်း အမှတ်(၆)၌ ဖော်ပြခံရသည့် “မတူညီသော အစွန်းတရားများ” ကဗျာဖြင့် ကဗျာဂန္ထဝင်ဆုကို ဆွတ်ခူးရရှိသွားပြီး ရခိုင်စာရေးဆရာ “မောင်ခိုင်အောင်”၏ ရခိုင်မဂ္ဂဇင်း အမှတ်(၄၂)တွင် ဖော်ပြခံရသည့် “မိုင်း” ကဗျာဖြင့် မော်ဒန်ဆုကို ဆွတ်ခူးရရှိသွားသည်ဟု သိရသည်။ 

အလားတူ ရခိုင်စာရေးဆရာ “လင်းအိမ်” ၏ စိုင်းဒင်ရင်ခွင်မဂ္ဂဇင်း အမှတ်(၁)၌ ဖော်ပြခံရသည့် “မူရင်းမဲ့ မိတ္တူ” ဝတ္တုဖြင့် ဝတ္ထုတိုဆုနှင့် ရခိုင်စာရေးဆရာ “ဓညဦး(မြောက်ဦး)”၏ မြောက်ဦးမဂ္ဂဇင်း အမှတ် (၆)၌ ဖော်ပြခံရသည့် “ပျောက်လားသူများကို ရှာကြည့်ခြင်း” ဆောင်းပါးဖြင့် ဆောင်းပါးဆုတို့ကို အသီးသီးဆွတ်ခူးရရှိသွားသည်ဟု သိရသည်။

စာပေဆုရသူများသည် ခရီးလွန်နေခြင်း၊ ကျန်းမာရေးချို့ယွင်းမှုများနှင့် ခရီးဝေးလွန်းခြင်းကြောင့် ဆုရရှိသူ ၄ ဦးမှာ စာပေဆုပေးပွဲသို့ တက်ရောက်နိုင်ခြင်းမရှိခဲ့ဘဲ ကိုယ်စားသာ တက်ရောက်ယူခဲ့ကြောင်း သိရသည်။

ဆုရရှိသူများနှင့်လည်း နိရဥ္ဇရာက ဆက်သွယ်မရခဲ့ပါ။

အဆိုပါ စာပေဆုပေးပွဲသို့ ပွဲကျင်းပရေးကော်မတီများ၊ စာပေစိတ်ဝင်စားသူများ၊ မြို့ခံများစသည့် လူဦးရေ ၁၈၀ ကျော် တက်ရောက်ခဲ့ကြသည်။

အဆိုပါဆုပေးပွဲသည် ဒွါရာဝတီသံတွဲမြို့ဘက်၌ ရခိုင်စာပေဆုပေးပွဲပုံစံမျိုးလည်း မရှိသေးသည်ကတစ်ကြောင်း၊ ပျံလွန်တော်မူသော ဆရာတော်အရှင်ကုသလ (စာရေးဆရာ ငွေသဇင်)၏ ဂုဏ်ကျေးဇူးကိုအောက်မေ့တမ်းတသောအားဖြင့်လည်းကောင်း ကျင်းပခြင်းဖြစ်ပြီး ယခုနှစ်တွင် ပထမအကြိမ်ကျင်းပခြင်းလည်းဖြစ်သည်။

https://www.facebook.com/narinjara.info/posts/5529564480388917

Leave a Reply

Your email address will not be published.