ဝိုင်းကူရန်လိုအပ်နေသော အနောက်တံခါးကပညာရိပ်မြုံ

By Boder News Agency (BNA) / 2022 June 23

မောင်မေယု(ဘူးသီးတောင်)ရေးသားသည်။

ကျောင်းဝင်းထဲ၌ ဆရာတော်ကြီးသည် ကြိမ်လုံးငယ်တစ်လုံးကိုကိုင်၍ ကျောင်း သား၊ကျောင်းသူများကို ညွှန်ကြားချက်ပေးနေ၏။ကျောင်းသားအများစုသည် ဓမ္မာရုံထဲတွင် ကိုယ့်ခုံကလေးနှင့်ကိုယ် တိတ်ဆိတ်စွာစာလုပ်နေကြလေသည်။ အချို့မှာ စာအုပ်ကိုယ်စီကိုင်၍ စာသင်ဆောင်သို့ ပြေးလွှားနေကြ၏။

“ဆရာရောက်နေပြီ Grade-11 ကလေးတွေ မြန်မြန်သွားကြ” ဟု ဆရာတော် ကြီး၏ ဆော်သြသံကိုလည်း ကြားနေရသည်။အချို့ကလေးများမှာမူ စာကျက်၊စာကြည့်ရန်ပျင်းသောကြောင့် ဒဏ်ချသည့်အနေဖြင့် မြေတူးပြီးမြေပြောင်း နေရသည်ကို တွေ့ရှိရသည်။

ဤကား ဘူးသီးတောင်မြို့နယ် ရွာမကျေးရွာရှိ သီရိမင်္ဂလာရွာမဘုန်းတော်ကြီးကျောင်း၌ ဆရာတော်တည်ထောင်ထားသော “သီရိမင်္ဂလာရွာမပရဟိတပညာ ဒါနကျောင်း”၏ နံနက်ဖက်မြင်ကွင်းတစ်ခု ဖြစ်သည်။

ရခိုင်ပြည်မြောက်ပိုင်း အထူးသဖြင့် အနောက်တံခါးဒေသတွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခမှစ၍ ဘေးဒုက္ခရှောင်ပြည်သူများ များစွာရှိခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ထပ်မံဖြစ်ပွားခဲ့သော အကြမ်းဖက်မှုကြောင့် ထပ်၍ကျေးရွာများ ပျက်စီးခဲ့ကြရ၏။

ထိုနောက်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာစစ်တပ်တို့၏ ၂၀၁၈ ခုနှစ်၊နိုဝင်ဘာလမှ ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလအထိ နှစ်နှစ်ကျော်ကြာ တိုက်ပွဲများကြောင့် ကျေးရွာအများစုမှာ ထပ်မံပျက်စီးခဲ့ရပြီး ရွာသူ၊ရွာသားများမှာ စစ်ဘေးရှောင်ဖြစ်ခဲ့ကြရပါသည်။

ထိုပြည်တွင်းစစ်ပွဲတွင် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ နှစ်သိန်းကျော် ခန့်ရှိခဲ့၏။ထိုတိုက်ပွဲကြောင့်ပင် အရပ်သားပြည်သူများ သုံးရာကျော်ခန့်သေဆုံးပြီး နှစ်ရာကျော်ဒဏ်ရာရရှိခဲ့ကြသည်။

ထိုပြဿနာများကြောင့် အနောက်ဘက်တံခါးဒေသမှ ရခိုင့်အနာဂတ် ကျောင်းသား၊ကျောင်းသူအများစုသည် ပညာသင်ရန်အခွင့်အလမ်းများ ဆုံးရှုံးခဲ့ကြရ သည်။

ကျွဲနွားလယ်ယာမြေနှင့် အိုးအိမ်ဥစ္စာများ ဆုံးရှုံးပျက်စီးခဲ့ခြင်းကြောင့် ကျေးလက်နေပြည်သူအများစု စီးပွားရေးပျက်ကိန်းဆိုက်ခဲ့ကြသည်။သို့ဖြစ်၍ လည်း မိဘများမှာ သားသမီးများကို ပညာသင်ရန် အလွန့်အလွန်ခက်ခဲခဲ့ကြ၏။

ထိုအခက်ခဲများကို ဤသီရိမင်္ဂလာရွာမဘုန်းတော်ကြီးကျောင်းဆရာတော်မှ တဖက်တလမ်းကကူညီချင်၍ “သီရိမင်္ဂလာရွာမပရဟိတပညာဒါနကျောင်း” ကို ဖွင့်ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။

“ဤပရဟိတကျောင်းပေါ်လာရတဲ့အကြောင်းက ရခိုင်ပဋိပက္ခအတွင်းက စစ်ဘေးရှောင်တွေနဲ့နောက်တခါ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် စစ်ဖြစတဲ့အခါ ရောက်ရှိလာတဲ့ စစ်ဘေးရှောင်ကျောင်းသားတွေကို အခြေခံပြီးတော့ လုပ်ထားတဲ့ကျောင်းဖြစ်ပါတယ်။လုပ်လာတဲ့အခါမှာ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေလည်း ပါလာပါတယ်။အချို့တွေကနယ်မှာ ဆ ယ်တန်းကိုးတန်းကိုမသင်နိုင်  မိဘတွေကလည်းမပြည့်စုံတော့ အဲဒီကျောင်းသားတွေကိုလည်း လက်ခံထားတဲ့အတွက် ဦးဇင်းတို့ကျောင်းဟာ စစ်ဘေးရှောင် ကျောင်းသား၊ကျောင်းသူနဲ့ ဆင်းရဲနွမ်းပါးပညာဒါနကျောင်းဖြစ်ပါတယ်။” ဟု သီရိမင်္ဂလာရွာမကျောင်းတိုက်ဆရာတော် အရှင်ဝိစက္ခဏ(သာသနဓဇ ဓမ္မာ စရိယ ၊ ဝိနယဝိဒူ)က ပညာဒါနကျောင်းတည်ထောင်ဖြစ်ခဲ့ပုံကို ပြောပြသည်။

ပြီးခဲ့သည့် ပညာသင်နှစ်တွင် ဤပညာဒါနကျောင်း၌ ရခိုင်ပဋိပက္ခနှင့် ပြည်တွင်း စစ်ဘေးကို အဓိကခံစားခဲ့ရသည့် ဘူးသီးတောင်မြို့နယ်၊မောင်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့်ပုဏ္ဏာကျွန်းမြို့နယ်များမှ ကျောင်းသား၊ကျောင်းသူ ၇၂ ဦး ပညာသင်ဆည်းပူးခဲ့ကြပြီးအများစုမှာ စစ်ဘေးရှောင် ကျောင်းသားများဖြစ်ပြီး ကိုးတန်း ၃၇ ဦး၊ဆယ်တန်း ၂၅ ဦးနှင့်အခြားအတန်းငယ်မှ ကျောင်းသား/သူ အနည်းငယ်ရှိသည်ဟု ဆိုသည်။

ယခု ၂၀၂၂ ခုနှစ် ပညာသင်နှစ်တွင် ကျောင်းသား/သူ စုစုပေါင်း ၈၂ ဦးရှိပြီး ထိုအတန်းများအပြင် ၇ တန်းကျောင်းသားတစ်ဦးရှိကာ ဆယ်တန်းစနစ်ဟောင်း ကျောင်သား၊ကျောင်းသူများ လက်ခံရန်ရှိသေးကြောင်း ဆရာတော်က မိန့်သည်။

“ခုနှစ်တန်းကျောင်းသားကလေးကိုက လက်ခံမထားလို့မရပါ။သူ့မှာ အဖေ အမေတို့က မရှိတော့ဘူးလေ။နောက်ပြီး အခုဆယ်တန်းစနစ်ဟောင်း သုံး ဆယ်လောက်လက်ခံသွားမယ်။သုံးဆယ်မှာ ယောက်ျားနှစ်ဆယ်နှင့် မိန်းကလေး ဆယ်ဦး လက်ခံသွားမယ်။” ဆရာတော်က မိန့်ကြားသည်။

ယခုဇွန်လ ၁၇ရက်နေ့က ထွက်ရှိခဲ့သည့် ဆယ်တန်းအောင်စာရင်းတွင် ဤပညာ ဒါနကျောင်းမှ ကျောင်းသား၊ကျောင်းသူ ၁၇ ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၀ ဦးအောင်မြင်ခဲ့သည်။ထို ၁၀ ဦးတွင် ဂုဏ်ထူး ၃ ဘာသာ ၁ ဦး၊၁ ဘာသာ ၅ ဦး ရရှိခဲ့သည်။

ထိုဂုဏ်ထူးရှင်များထဲမှ ၄ ဦးမှာ ဆင်း ရဲနွမ်းပါးသော ကလေးငယ်များဖြစ်ကြပြီး ကျန်နှစ်ဦးမှာ စစ်ဘေးရှောင်ကလေးငယ်များဖြစ်သည်။ကုန်ခဲ့သည့်နှစ်များတွင်လည်း ဆယ်တန်းအောင် မြင်ခဲ့သူများ ရှိခဲ့သည်။

ဤပညာဒါနကျောင်းမှ ကျောင်းသား၊ကျောင်းသူများသည် ကျောင်းကြီးကို ဘူးသီးတောင်မြို့ရှိ အထကကျောင်းများတွင်တက်ကြရပြီး စာဝတ်နေရေး နှင့်အခြားစာသင်ပြမှုများကို ဤပညာဒါနကျောင်းက တာဝန်ယူပေးထားသည်ဟု ဆရာတော်က ဆိုသည်။

“ဦးဇင်းတို့မှာက ကျောင်းကြီးကို အထကကျောင်းတွေမှာပဲ တက်ကြပါတယ်၊ ဒီမှာတော့ စားဖို့သောက်ဖို့ နေဖို့ထိုင်ဖို့နဲ့စာသင်ရေးရာကို ဖြည့်ပေးပါတယ်။” ဟု မိန့်ကြားသည်။

ပရဟိတပညာဒါနကျောင်းဖြစ်သည့်အတွက် သူတို့၏စားဝတ်နေရေးကို စေတနာရှင်အလှူရှင်တို့၏ ထောက်ပံ့ငွေနှင့်လည်ပတ်နေရပြီး အလှူရှင်များ မရှိသည့်အခါ မိမိမှာရှိသည့်ငွေနှင့် ကျွေးမွေးထားရသည်ဟု ဆရာတော်က ပြောပြသည်။

ပုံမှန်ဆိုလျှင် ဤကျောင်းတွင် ထမင်းကျွေးမွေးရေးစရိတ်အတွက် တစ်လလျှင် ၁၅ သိန်းခန့် ကုန်ကျမှုရှိသော်လည်း တစ်လလျှင် ၁၂ သိန်းခန့်နှင့်လောက်ငှ အောင် လုပ်ကြည့်သော်လည်း ဟင်းသီးဟင်းရွက်၊အသားငါးနှင့်အခြေခံစား သောက်ကုန်များ၏စျေးနှုန်းများ အဆမတန်မြင့်မားလာသည့်အတွက်ကုန် ကျစရိတ်ကို လျော့၍မရကြောင်း ဆရာတော်က စိတ်မကောင်းစွာဖြင့် ပြောပြသည်။

“ဟင်းသီးဟင်းရွက်တွေ စျေးအလွန်မြင့်လာပါတ ယ်။ခရမ်းသီးတစ်သိုက်ကို ၂၅၀၀ကျပ် ကလေးတွေးစားဖို့အတွက် တစ်နပ်ကို အနည်းဆုံး ၁၅ သိုက် ၂၀ လောက် လိုအပ်ပါတယ်။မျှစ်တွေဆိုလည်း ဒီအတိုင်းပါပဲ။”ဟု မိန့်ကြားသည်။

ကလေးတွေကို ငါးခြောက်နှင့်ပုံမှန်ကျွေးပြီး တစ်ပတ်မှာအသားငါးနှင့်နှစ်ရက်စီ ကျွေးမွေးသည်။သို့ဖြစ်၍ ဤကျောင်းအတွက် အဓိကလိုအပ်ချက်သည် စားသောက်ရေးကုန်ကျစရိတ်ဖြစ်နေပြီး နေရေးထိုင်ရေးအတွက်ကို ဆရာတော်က ဖြေရှင်းနိုင်သော်လည်း စားသောက်စရိတ်ကုန်ကျမှုအတွက်ကို အလွန်ပင်ပန်းရကြောင်း ဆိုသည်။

အလှူရှင်များပြတ်သွားသည့်အခါ ကိုယ်နှင့်ရင်းနှီးသည့် တကာများဆီက ချေးငှါးပြီးသုံးရသည်ဟုလည်း ပညာဒါနကျောင်း၏ အခက်အခဲများကို ဆရာတော်က ပြောပြသည်။

ဤပညာဒါနကျောင်းတွင် ပရဟိတအဖြစ် ဆရာ၊ဆရာမ နှစ်ဆယ်ကျော်ခန့် ကျူရှင်လာပြပေးကြသည်။ဤကျောင်းသည် ဤအနောက်တံခါးဒေသမှ စစ်ဘေးရှောင်နှင့်မရှိဆင်းရဲသား ကျောင်းသား၊ကျောင်းသူများအတွက် အဖိုးတန်ပညာရိပ်မြုံတစ်ခုပင် ဖြစ်သည်။

ဤကျောင်းပေါ်လာခြင်းသည် သူတို့အတွက် ပညာဆက်လက်သင်ကြားရန် အခွင့်အလမ်းတခုဖြစ်ခဲ့ရသည်ဟု ကျောင်းသားများက ဆိုကြသည်။

Grade-10 ကျောင်းသူ မမြသန္တာအောင်ကလည်း ဤကျောင်းကြောင့် သူမ ဆ က်လက်ပညာသင်ယူခွင့် ရရှိခဲ့သည့်အတွက် ကျောင်းတည်ထောင်သူနှင့်အလှူ ရှင်များကို ကျေးဇူးတင်ကြောင်း ဆိုသည်။

“သမီးရဲ့ မိဘတွေက ရွာမှာအဆင်မပြေကြဘူး။သမီးကို ပညာသင်ပေးချင်ပေမယ့် မတတ်နိုင်ကြဘူးလေ။ဒီကျောင်းကို ရောက်လာတော့ အားလုံးအဆင်ပြေ ပါတယ်။ဒီကျောင်းကိုဖွင့်ပေးတဲ့ အဖိုးရှင်(ရွာမဆရာတော်)ကို ကျေးဇူးတင်သလို အလှူရှင်တွေကိုလည်း သမီးကျေးဇူးတင်ပါတယ်။”ဟု မမြသန္တာအောင်က ကျေးဇူးတင်စကား ပြောသည်။

ဤကျောင်း၌ စာလာပြပေးကြသော ဆရာ၊ဆရာမများကိုလည်း ရင်ထဲကလှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း ကျောင်းသား၊ကျောင်းသူများက ဆိုကြသည်။

စစ်ဘေးရှောင်ကျောင်းသူတစ်ဦးကလည်း“ညီမတို့ ရွာမှာက စစ်ပွဲတွေကြောင့် ပညာကောင်းစွာမသင်ခဲ့ရဘူး၊စာသင်နေရင်းလည်း ထွက်ပြေးခဲ့ရတာတွေ ရှိတယ်၊ဒါကြောင့် ပညာကိုဆုံးခန်းတိုင်အောင် အေးချမ်းစွာနဲ့ သင်ချင်လို့ ဒီကျောင်းကိုရောက်လာခဲ့တာပါ”ဟု သူမတို့၏ အခက်ခဲကို ပြောပြသည်။

ကျောင်းသား၊ကျောင်းသူများသည် စာအုပ်စာတမ်းအစုံ မဝယ်နိုင်ကြသဖြင့် စာလေ့လာသောအခါ အခက်ခဲဖြစ် ရသည်ဟု ဆိုသည်။သို့ဖြစ်၍ စာသင်နှစ်တစ်နှစ်အတွက် မေးခွန်းဟောင်း စုစည်းမှုစာအုပ်များ၊အဖြေစုံစာအုပ်များ၊ဗလာစာအုပ်များ၊စာရေး ကရိယာများနှင့် အခြားအရေးပါသည့်စာအုပ်များ သည် သူတို့အတွက် အမှန်တကယ်လိုအပ်သော ပစ္စည်းများဖြစ်သည်ဟုလည်း ဆိုသည်။ထိုပစ္စည်းအလှူရှင်များကိုလည်း သူတို့အမြဲတမ်းမျှော်ဖြစ် ကြောင်း ဆိုကြသည်။ 

သို့သော်လည်း ဆရာတော်က စာအုပ်စာတမ်းများကိစ္စကို ဆရာများနှင့်ညှိပြီး အဆင်ပြေအောင် ဖြေရှင်းနိုင်သော်လည်း စားသောက်ရေးစရိတ်ကိုမူ ထိုသို့ မဖြေရှင်းနိုင်သည့်အတွက် စားသောက်ရေးစရိတ်သည်သာ ဤပညာဒါနကျောင်းတွက် အဓိကလိုအပ်ချက်ဖြစ်ကြောင်း ဆိုသည်။

ထို့နောက် ဤကျောင်း၌ လိုအပ်နေသ ည်မှာ Guide လမ်းညွှန် ဆရာများပင်ဖြစ်သည်။ဤနှစ်ဆယ်တန်း အောင်မြင်သွားသည့် ကလေးများထဲမှ အချို့ကို Guide ဆရာအဖြစ် ထားရှိမည်ဖြစ်သော်လည်း ထို Guide ဆရာသစ်လေးများကို သင်ကြားလမ်းညွှန်ပေးမည့် အတွေ့အကြုံရှိသည့် စေတနာ့ဝန်ထမ်းများ လိုအပ်နေကြောင်း ဆရာတော်က မိန့်သည်။

ဆရာတော်အနေဖြင့် အခက်အခဲကြားက ဤသို့ပြုလုပ်ပေးနေရခြင်းသည် စစ်ဘေးရှောင်မိသားစုများနှင့် မရှိဆင်းရဲသည့် မိသားစုများကို ကယ်တင် ရှင်၍ ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း ဆိုသည်။

“မတတ်နိုင်သည့်ကြားက လုပ်ရခြင်းဟာ ပညာတစ်ယောက်တတ်သွားရင် တစ် မိသားစုမှာ တစ်ယောက်တတ်သွားရင် ယင်းမိသားစုကို အထောက်အပံ့ပြုနိုင်တဲ့ ပုဂ္ဂိုလ် တစ်ယောက်ဖြစ်လေအောင်ဆိုပြီး လုပ်ဖြစ်တာပါ။တစ်မိသားစုလုံးကို ဆရာတော်က မထောက်ပံ့နိုင် ယင်းမိသားစုက တစ်ယောက်တတ်သွားရင် သူ့မိသားစုအတွက် အကောင်းဆုံးထောက်ပံ့ပေးနိုင်တဲ့ သားသမီးတစ်ယောက် ဖြစ်နိုင်အောင် သူ့တို့စိတ်ဓါတ်တွေကိုလည်း ဆရာတော်က ပြုပြင်ပေးပါတယ်။” ဟု ကျောင်းသူတစ်ဦးက ဆိုသည်။

ဤရွာမပရဟိတပညာဒါနကျောင်းသ ည် အနာဂတ်တွင် လှပစွာဖူးပွင့်လာမည့် ပန်းကလေးများအား ပြုစုပျိုးထောင်ပေးနေသော ပျိုးခင်းတစ်ခုဟု ဆိုရမည်။နိမ့်ကျနေသောရခိုင်ပြည်ပညာရေးကို တဖက်တလမ်းက ကူညီနေခြင်းလည်း ဖြစ်သည်။

ဆင်းရဲနွမ်းပါးသောမိဘများနှင့်စစ်ဘေးရှောင်မိဘများ၏ လေလွင့်၊ပညာရေးနှင့်ဝေးကွာသွားမည့် သားသမီးများကို ကယ်တင်ပေးနေသော ပရဟိတကျောင်းလည်းဖြစ်သ ည်။

ထိုကြောင့်အဖက်ဖက်ကနိမ့်ကျနေသောရခိုင်ပြည်အတွက် ပညာရေးကဏ္ဍမှာ တဖက်တလမ်းမှနိုင်ရာဝန်ကိုထမ်းနေသော ဤစစ်ဘေးရှောင်ပညာဒါနကျောင်း အား ရည်ရှည်တည်တံ့စေရေးအတွက် လူသားအားလုံးအဖက်ဖက်က ဝိုင်းဝန်း ကူညီဖေးပပေးကြရန် လိုအပ်နေပေသည်။

https://www.facebook.com/permalink.php?story_fbid=176143194827995&id=107469705028678

Leave a Reply

Your email address will not be published.