လူမျိုးဘာသာမရွေး အခမဲ့ဆေးကုသပေးနေတဲ့ ဆေးပေးခန်း ရေရှည်ရပ်တည်ရန် အခက်တွေ့လာ

By  Voice Of Westland (VOW)/ 2022 June 01

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကုန်တန်းရပ်ကွက်က စစ်ကဲတော်မင်း ဘုန်းတော်ကြီးကျောင်းမှာ ဖွင့်လှစ်ထားတဲ့  Free Clinic-Rakhine အခမဲ့ဆေးခန်းအတွက် အလှူငွေထောက်ပံ့မှုတွေ အားနည်းလာတာကြောင့် ရေရှည်မရပ်တည်နိုင်မှာကို စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့ ဆေးခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီဆေးခန်းမှာ ဆီးချို ၊ သွေးတိုး ၊ အရေပြားရောဂါ ၊ နှာစေး ၊ ချောင်းဆိုး ၊ ဖျားနာ ၊ နာတာရှည်ရောဂါစတဲ့ အထွေထွေရောဂါတွေကို လူမျိုးဘာသာမခွဲခြားဘဲ အခမဲ့ကုသပေးနေတာဖြစ်သလို ဆေးဖိုးကုန်ကျငွေဟာ တစ်လကိုပျမ်းမျှအားဖြင့် ငွေကျပ် ၇ သိန်းနဲ့ ၈ သိန်းဝန်းကျင်လောက်အထိ ရှိတယ်လို့လည်း သိရပါတယယ်။

အခုလိုမျိုး ဆေးခန်းအတွက် အလှူငွေထောက်ပံ့မှုတွေ အားနည်းလာနေတဲ့အတွက် ဆေးဝါးမလုံလောက်တော့သလို လာရောက်ကုသမှုခံယူကြတဲ့ ဆင်းရဲနွမ်းပါးသူတွေအတွက် အခက်ခဲဖြစ်သွားတယ်နိုင်လို့ ဆေးခန်းတာဝန်ခံ ဦးသန်းထိုက်ဇော်က VOW ကိုပြောပါတယ်။

“အလှူရှင်တွေနည်းလာတာကြောင့် အလှူငွေမရတဲ့ ကိစ္စတွေကြောင့် ဆေးဝယ်ရတာတွေအခက်ခဲဖြစ်လာပါတယ်။ ဆေးအခက်ခဲဖြစ်ရင် လူနာတွေအတွက်လည်း အခက်ခဲဖြစ်သွားနိုင်ပါတယ်။ ရေရှည်မရပ်တည်နိုင်ဖြစ်လာမှာကိုလဲစိုးရိမ်ရပါတယ်” လို့ပြောပါတယ်။

အဲဒီအခမဲ့ဆေးခန်းကို  IDP Camp နဲ့ စစ်ဘေးရှောင်လူနာတွေ ၊ စစ်တွေ ၊ ပေါက်တော ၊ မြောက်ဦး ၊ မင်းပြား ၊ မြေပုံစတဲ့ မြို့နယ်အသီးသီးက ဆေးကုသဖို့ ငွေကြေးအခက်ခဲရှိတဲ့ လူနာတွေ  အများဆုံးလာရောက်ကုသကြတယ်လို့ဆေးခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

“အလှူရှင်တွေလျှော့ကျလာတာ အရင်ကထက် စိတ်ဝင်စားမှု လျှော့ကျသွားတာ ဖြစ်လို့ထင်တယ်။ဆေးခန်းဖွင့်စက လူနာကနည်းနည်းဆိုပေမဲ့ အခုကဆေးခန်းအကြောင်းသိလို့ လူနာအရေအတွက်များလာတာနဲ့ လက်ရှိဆေးဖိုးမကာမိတာတွေရှိတယ်။အဲဒါကြောင့် မလုံလောက်ဖြစ်နေတာပါ။ဆေးခန်း ရေရှည်မတည်တံ့နိုင်ဘူးဆိုရင် ဆေးခန်းပြဖို့ မတတ်နိုင်တဲ့ အနီးနားက စစ်ဘေးရှောင်တွေ ၊ နယ်ကလာတဲ့ ဆင်းရဲနွမ်းပါးတဲ့သူတွေ။သူတို့တော်တော်လေး ခက်ခဲသွားမယ်လို့တော့ထင်ပါတယ်”လို့ အဲဒီဆေးခန်းမှာ စေတနာနဲ့ ကုသပေးနေတဲ့ ဒေါက်တာ နိုင်ထူးလင်းက ပြောပါတယ်။

Free Clinic-Rakhine အခမဲ့ဆေးခန်းကို ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အပတ်စဉ် သောကြာနဲ့ စနေနေ့တိုင်း ကုသပေးနေခဲ့တာ အခုဆိုရင် တစ်နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ တစ်နှစ်တာကာလအတွင်း လူနာဦးရေ ၅၀၀၀ ဝန်းကျင်အထိ အခမဲ့ ကုသပေးနိုင်ခဲ့တဲ့ အခမဲ့ဆေးပေးခန်းတစ်ခုလည်းဖြစ်ပါတယ်။

ဒီအခမဲ့ဆေးခန်းကို Food Not Bombs Rakhine လူငယ်အဖွဲ့နဲ့ လူငယ်ဆရာဝန်တွေက ဦးဆောင်ပြီး ငွေကြေးချို့တဲ့သူလူနာတွေအနေနဲ့ အခမဲ့ဆေးကုသမှုခံယူနိုင်ဖို့ ရည်ရွယ်ပြီးဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

https://www.facebook.com/VOW2ppl/posts/169988112087241

Leave a Reply

Your email address will not be published.