By Boder News Agency (BNA) / 2022 June 22

ရွေးကောက်ပွဲလုပ်ဖို့ကြိုးစားနေတဲ့ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဟာ ရခိုင်ပြည်နယ်အတွင်းက ကော်မရှင်ဝန်ထမ်းတွေ၊အစိုးရအဖွဲ့ဝင်တွေနဲ့တွေ့ဆုံပြီး မဲစာရင်းပြုစုရေးကိစ္စရပ်တွေ ပြောကြားခဲ့ပါတယ်။
ကော်မရှင်ဥက္ကဌ ဦးစိုးသိန်းဟာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဝန်ထမ်းတွေနဲ့ ဇွန်လ ၂၁ ရက်နေ့က၊စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူပြီးစီးမှုအခြေအနေ၊မဲစာရင်း ပြုစုရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ စစ်ကောင်စီက ပြောင်းလဲ အသုံးပြုဖို့ ပြင်ဆင်နေတဲ့ PR ရွေးကောက်ပွဲစနစ်အကြောင်းတွေကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ရဲ့ ထွက်ပေါက်အတွက် ရွေးကောက်ပွဲပြုလုပ်ဖို့ ကြိုးစားနေတာဖြစ်ပြီး သူတို့ရဲ့ အာဏာတည်တံ့ရေးအတွက် PR စနစ်ကို အသုံးပြုဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။
အဲဒီရွေးကောက်ပွဲကို လာမယ့် ၂၀၂၃ ဩဂုတ်မှာ ကျင်းပမယ်လို့ အာဏာသိမ်းစစ်ကောင်စီဥက္ကဌက ပြောထားပြီးအဲဒီအတွက် ပြင်ဆင်မှုတွေကို အာဏာ သိမ်းပြီးကတည်းက စတင်လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။
အဲဒီရွေးကောက်ပွဲအတွက် ကနဦးအနေနဲ့ လူဦးရေစာရင်းကောက်ယူတာတွေကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက လုပ်ဆောင်နေပါတယ်။
ရခိုင်ပြည်နယ်မှာဆိုရင် လူဦးစာရင်းကောက်ယူတာ ပြီးစီးနေပြီလို့ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးသူရိန်ထွဋ်က ပြောပါတယ်။
အဲဒီစာရင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဦးစီးဌာန၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ရဲ့စာရင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး မဲစာရင်းကို ထပ်မံကောက်ယူသွားမယ်လို့ သူကဆိုပါတယ်။
“လူဦးရေစာရင်းတွေရတော့မှ ထွေအုပ်တို့၊လ၀က တို့ရဲ့ စာရင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီးမှ မဲစာရင်း ပြန်လုပ်ရမှာပေ့ါနော်။လူဦးရေစာရင်းကို ကျွန်တာ်
တို့ဖက်က လုပ်တယ်။လ၀ကဖက်က နိုင်ငံသားစီစစ်ရေးကတ်ရှိတဲ့ လူဦးရေ စာရင်းကို ပြန်ပြီးတော့ စိစစ်နေတယ်။”လို့ ဦးသူရိန်ထွဋ်က ပြောပါတယ်။
မဲစာရင်းစတင်ကောက်ယူမယ့်အချိန်ကာလကိုတော့ မပြောနိုင်သေးလို့ သူက ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ရဲ့ အာဏာသိမ်းခဲ့မှုအတွက် ရွေးကောက်ပွဲကို ထွက်ပေါက်အနေနဲ့အသုံးချဖို့ ကြိုးစားနေပေမယ့် လက်တွေ့မှာ နယ်မြေ
အနေအထားအရထင်သလောက်လွယ်ယူမှာမဟုတ်ဘူးလို့ လည်းစောင့်ကြည့် လေ့လာသူတွေက ဆိုကြပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ခံပြည်သူ့အစိုးရကို ၂၀၂၀ပြည့်နှစ်၊အထွေထွေရွေးကောက်ပွဲမှာမဲစာရင်းမှားယွင်းတယ်လို့အကြောင်းပြပြီး ၂၀ ၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်နေ့ကစတင်ပြီးအတင်းအဓမ္မအာဏာသိမ်းယူခဲ့တာဖြစ်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=176013764840938&id=107469705028678