By Development Media Group (DMG)/ 2022 June 13
ပေါက်တောမြို့နယ်၊ ရီပဒေကျေးရွာတွင် ယနေ့ (ဇွန်လ ၁၃ ရက်နေ့)၊ နံနက် ၇ နာရီခွဲအချိန်ခန့်က မိုးကြိုးပစ်ခံရ၍ လယ်ထွန်နေသူတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။
သေဆုံးသူမှာ အသက် ၄၁ နှစ်အရွယ် ဦးမောင်ကျော်စိန်ဆိုသူဖြစ်ပြီး လယ်ယာအငှားလုပ်ကိုင်သူဖြစ်သည်။မိုး ကြိုးပစ်ခံရမှုကြောင့် ကျောကုန်းတွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခြင်းဖြစ်သည်ဟု ရာအိမ်မှူး ဦးထွန်းသာ အောင်က ပြောသည်။
“လယ်ကွင်းမှာ စက်နဲ့လယ်ထွန်နေတာမှာ မိုးကြိုးပစ်ခံရတာ။ မိုးကြိုးပစ်ခံရတော့ စက်ကနေ ပြုတ်ကျ သွား တယ်လေ။အသက်ကမရှိတော့ ဆေးရုံကို မပို့လိုက်ဘူး။အသားတွေ ပျက်စီးသွားတာတော့ မရှိဘူး။ အင်္ကျီ တွေကတော့ ကျောကုန်းဘက်မှာ မီးလောင်သလိုကျွမ်းသွားတယ်။ဒဏ်ရာကတော့သိပ်မပေါ်ဘူး”ဟု သူက ပြောသည်။
မိုးကြိုးပစ်ခံရသူမှာ အသားရောင်နည်းနည်းညိုမဲသွားပြီး ယနေ့ညနေ တွင် သင်္ဂြိုလ် မည်ဖြစ်ကြောင်း ရီပဒေ ကျေးရွာမှ ဦးမောင်သန်းစိုးက ပြောသည်။
“ကျနော်သွားကြည့် တဲ့အခါ မှာတော့ သူက အသက်မရှိတော့ဘူး။ ၇ နာရီကျော်လောက်မှာ ပစ်သွားတာ ပါ။အသားတော့နည်းနည်း မဲသွားတယ်။ သူ့ကို ဒီနေ့ သင်္ဂြိုလ်မှာပါ”ဟု သူကပြောသည်။
ယခုနှစ်တွင် အပူများသောကြောင့် ယခင်နှစ်များထက် မိုးကြိုးအကြိမ်ရေများစွာ ပစ်မည်ဖြစ်ကာ မိုးကြိုး အန္တရာယ်ပိုများကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ရေးမှူး ဦးလှထွန်းက DMGသို့ပြောသည်။
“မိုးကြိုးအန္တရာယ်ကတော့ မိုးကြိုကာလမှာ မဟုတ်ပါဘူး။ နွေ၊မိုး၊ ဆောင်းတွေမှာလည်းဖြစ်တတ်တဲ့ သဘော ရှိတယ်ဆိုတော့။ မိုးကြိုးအန္တရာယ်ဘယ်လောက်ထိရှိလဲဆိုတာ အရင်ထက်စာရင်တော့ ပိုများနိုင်တာပေါ့။ ပမာဏနဲ့ အကြိမ်အရေအတွက်တော့ပြောလို့မရဘူးပေါ့လေ။ပစ်မယ့် အကြိမ်အရေအတွက် ကတော့ အရင်နှစ်တွေထက်များနိုင်ပါမယ်။ဘာကြောင့်လဲဆိုတော့ အရင်နှစ်တွေထက် ဒီနှစ်အပူများလို့။မိုးကြိုးတွေက အပူများရင် ပိုဖြစ်ထွန်းတယ်လေ”ဟု သူကပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊အငူမော်ကျေးရွာမှ အမျိုးသမီးတစ်ဦးလည်း မိုးကြိုး ပစ်ခံရ၍ သေဆုံးသွားသည်။
https://www.facebook.com/dmgnewsagency/posts/2316751881810543