ရွှေပြည်တန်အမြန်ရေယာဥ်ခရီးစဥ်များကို အကန့်အသတ်မရှိရပ်ဆိုင်းထား

By Development Media Group (DMG)/ 2022 June 25

ပုံစာ – ရခိုင်ပြည်တွင် ပြေးဆွဲနေသော ရွှေပြည်တန် အမြန်ရေယာဥ်တစ်စီးအား တွေ့ရစဥ်။ (ဓာတ်ပုံ -ရွှေပြည်တန်)

စစ်တွေမြို့တွင် မြန်မာစစ်သားနှစ်ဦးဖမ်းဆီးခံရမှုကြောင့် ဖမ်းဆီးစစ်ဆေးမှုတင်းကျပ်နေပြီးနောက် ရခိုင်ပြည်တွင် ပြေးဆွဲနေသော ရွှေပြည်တန်အမြန်ရေယာဥ်ခရီးစဥ်အားလုံးကို အကန့်အသတ်မရှိရပ်ဆိုင်းထားကြောင်း ရွှေပြည်တန်က ယမန်နေ့ (ဇွန်လ ၂၅ )တွင် ကြေညာလိုက်သည်။

စစ်တွေမြို့တွင် ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့က  မြန်မာစစ်တပ်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးနှင့်စစ်သားတစ်ဦး တို့ကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားပြီးနောက် မြို့တွင်း၊ မြို့ပြင်တွင် စစ်ဆေးမှု၊ဖမ်းဆီးမှုများကြမ်းနေ သည်။

ထိုသို့အခြေအနေတွင် ဆတ်ရိုးချောင်းတွင် ဝင်ရောက်နေသော ရေယာဥ်များကို အာဏာပိုင်းများက ထွက်ခွင့်မပြု သောကြောင့် ယခုကဲ့သို့ ရပ်နားထားရခြင်းဟု ရွှေပြည်တန်အမြန်ရေယာဥ်မန်နေဂျာ ဦးစံမော်သိန်းက DMG သို့ ပြောသည်။

“လောလောဆယ်ဆတ်ရိုးကျ(ချောင်း)ထဲက သင်္ဘောထွက်တာ ခွင့်မပြုဘူးလို့ ဆတ်ရိုးကျချောင်းဝမှာရှိတဲ့ ဌာန ပေါင်းစုံစစ်ဆေးဂိတ်က မနေ့က အကြောင်းကြားထားပါတယ်။ ဘယ်နေ့မှာပြန်ထွက်ရမယ်ဆိုတာ မပြောဘူး။ အထက်က ထွက်ခွင့်ပြုရင် အကြောင်းကြားပေးမယ်လို့ ပြောပါတယ် ”ဟု ၎င်းကဆိုသည်။

ထို့ကြောင့် ရွှေပြည်တန်အမြန်ရေယာဥ်သည် မည်သည့်နေ့ရက်တွင် ထွက်မည်ကို မသိရှိရသေးဘဲ ထွက်မည့် နေ့ကိုသိရလျှင် ထပ်မံကြေညာမည်ဟု ပြောဆိုထားသည်။

ယမန်နေ့ နံနက်ပိုင်းကလည်း ရွှေပြည်တန်ခရီးစဥ် ပြေးဆွဲမှုမရှိခဲ့သောကြောင့် ခရီးသည်များပြန်လည့်လာခဲ့ရ သည်။ စစ်တွေမှ ဘူးသီးတောင်သို့ လိုက်ပါစီးနင်းမည့်ခရီးသည်တစ်ဦးလည်း ရေယာဥ်ပေါ်သို့တက်ရောက်ပြီးမှ သာလျှင် ရေယာဥ်မထွက်သဖြင့် ပြန်ဆင်းလာရသည်ဟု ဆိုသည်။

“ကျနော်တို့က မနက် ၇ နာရီမှာ ရွှေပြည်တန်ပေါ်ကို ရောက်သွားပြီ။ ၇ နာရီက ပုံမှန်ထွက်နေကျ။ ဒါပေမယ့် မထွက်ဘူး။ ဆိုတော့ ဘာလို့မထွက်သေးလဲမေးကြည့်တော့ မသွားရဘူးလို့ တားထားတယ်တဲ့။ ဒါပေမယ့် နည်း နည်းစောင့်ပေးပါဦး၊ ခွင့်ပြုချက်တင်ထားတယ်လို့ပြောတယ်။ ကျနော်တို့လည်းစောင့်နေကြတယ်။ မနက် ၈ နာရီ လောက်မှာ သွားခွင့်မရဘူးလို့ သိရတယ်။ ဆိုတော့ ပြန်လှည့်လာကြတယ် ” ဟု ၎င်းက ပြောသည်။

ရခိုင်ဒေသသည် မြစ်ချောင်းများပေါများသဖြင့် ရေကြောင်းခရီးကို အဓိကအားထားပြီးသွားလာနေကြရသည်။သို့ သော်လည်း ယခုကဲ့သို့ တားမြစ်မှုကြောင့် အမြန်ရေယာဥ်များမထွက်ခွာရသဖြင့် ခရီးသည်များအတွက် ဆုံးရှုံးမှု ရှိသည်ဟု ဆိုကြသည်။

“ခုလိုမသွားလိုက်ရတော့ အဝေးသင်စာမေးပွဲဖြေဆိုပြီး နေရပ်ပြန်မယ့်ကျောင်းသားတွေအတွက် ပိုပြီးဆုံးရှုံးပါ တယ်။ ကျနော်လည်း စာမေးပွဲဖြေပြီးလို့သွားမှာလေ။ ပိုက်ဆံလည်း မရှိတော့ဘူး။ မြို့ပေါ်မှာနေရတာက လွယ်တာ မှ မဟုတ်တာ။ ပိုက်ဆံလည်းသိပ်ကုန်တယ်။ ဒါကြောင့် ပြန်တော့မလို့လုပ်နေတာ သွားခွင့်မရဘူးဆိုတော့ အကုန် အကျတော်တော်များပါတယ်”ဟု ကျောင်းသားတစ်ဦးက ပြောသည်။

ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် စစ်တွေတို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ကျော်ခန့်ကို ရက္ခိုင့်တပ်တော် (AA) က ယခုလအတွင်းတွင် ဖမ်းဆီးခဲ့သည်။ ထို့နောက် မြန်မာစစ်တပ်ကလည်း အဆိုပါဒေသရှိ ဒေသခံ ၇၀ ခန့် ကို ဖမ်းဆီးထားပြီး ကုန်းလမ်း၊ရေလမ်းတို့ကို တင်းကြပ်စွာ စစ်ဆေးမှုများရှိနေသည်ဟု သိရသည်။  

https://www.facebook.com/dmgnewsagency/posts/2325941804224884

Leave a Reply

Your email address will not be published.