ရသေ့တောင် ဇီးကိုင်းအထကကျောင်း၌ မျက်နှာကြက်များ ဆိုးဝါးစွာပြိုကျနေ၍ အန္တရာယ်ဖြစ်မည်ကို စိုးရိမ်နေ

By Narinjara / 2022 June 16

ဓာတ်ပုံ – ဇီးကိုင်းအထကကျောင်း မျက်နှာကြက်များပြိုကျနေသည်ကို ယနေ့နေ့လယ်ပိုင်းက တွေ့ရစဉ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ဇီးကိုင်းကျေးရွာရှိ အထက်တန်းကျောင်း၌ နှစ်ထပ်‌ကျောင်း‌ဆောင်တစ်‌ဆောင်တွင် မျက်နှာကြက်များ ဆိုးဝါးစွာပြိုကျနေသဖြင့် ကျောင်းသားများနှင့် ဆရာ၊ ဆရာမများအတွက် စိုးရိမ်မှုရှိသည်ဟု သိရသည်။

အဆိုပါကျောင်းတွင် ကျောင်းဆောင် ၃ ဆောင်ရှိသည့်အနက် ပြိုကျနေသောအဆောင်မှာ ပေ ၁၇၀×၃၀ ရှိသည့်အဆောင်တွင်ဖြစ်သည်ဟု ယင်းကျောင်းမှ ကျောင်းဆရာတစ်ဦးက နိရဥ္စရာကို ပြောသည်။

“ကျောင်း‌ဆောင်က ဆောက်ကတည်းကနေ သိပ်သေချာမှုမရှိဘူး။ အဲ့ကတည်းက ကွာတဲ့ဟာ ကွာနေပြီ။ အခုဆိုရင် တစ်ဆောင်လုုံးတော့ မဟုတ်ဘူးပေါ့။ ကွက်ကျားကွက်ကျားဖြစ်နေတာ။ များတဲ့‌နေရာကများပြီး တစ်ထပ်လိပ်‌တွေ ကွာကျနေတာ‌တွေရော။ တွဲကျနေတာတွေလည်း ရှိတယ်။ ပြုတ်ကျနိုင်တဲ့အခြေအနေရှိပြီး‌တော့ အန္တရာယ်များတယ်”ဟု ပြောသည်။

အဆိုပါကျောင်းဆောင်တွင် ၂၀၁၈ ခုနှစ်ကလည်း မျက်နှာကြက်ပြုတ်ကျ၍ ဆရာမတစ်ဦး ဦးခေါင်းကွဲဖူးသည်ဟု ဇီးကိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်တင်ဝင်းက နိရ ဉ္စရာကို ပြောသည်။

“လုပ်ကတည်းကနေ မသေချာလို့ အခုစပြီးပျက်လာတာနဲ့ ပိုသိသာလာတယ်။ လေမတိုက်လည်း မိုးထားတဲ့သွပ်ပြား‌တွေက ကွာကျလာတယ်။ ၂၀၁၈ ခုနှစ်ကလည်း စာမေးပွဲရှိ‌တော့ ခုံတွေအရွှေ့အပြောင်းနဲ့ အညီချနေတဲ့အချိန် မျက်နှာကြက်တစ်ခုပြုတ်ကျလာတော့ ဆရာမတစ်‌ယောက် ခေါင်းကွဲဖူးတယ်”ဟု ပြောသည်။

မျက်နှာကြက်ပြိုကျလာသော နှစ်ထပ်ကျောင်းဆောင်ကို ၂၀၁၅-၂၀၁၆ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၈ ခုနှစ်မှစတင်ကာ မျက်နှာကြက်များပြိုကျလာခြင်းဖြစ်သည်ဟုလည်း ဒေသခံ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ဇီးကိုင်းအထကကျောင်းအုပ်ဆရာကြီးအား နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း တက္ကသိုလ်ဝင်တန်းအောင်စာရင်းသွားယူနေရ၍ လမ်းတွင်ရောက်နေသည့်အတွက် ဖြေဆိုရန်မအားလပ်သေးဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း စာသင်ကျောင်းအများအပြားသည် တည်ဆောက်ထားသည်မှာ အရည်အသွေးမပြည့်မီ၍ စာသင်နေစဉ်အချိန်အတွင်း ကျောင်းဆောင်များပြိုကျပျက်စီးပြီး ကျောင်းသူ၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများ၌ အန္တရာယ်ဖြစ်မည်ကို ကျောင်းသားမိဘများက စိုးရိမ်နေကြသည်ဟု သိရသည်။

ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်ကမူ ရခိုင်တွင် ပျက်စီးယိုယွင်းလာနေသည့်စာသင်ကျောင်းများအနက် ယခုနှစ်အတွင်း ကျောင်းပေါင်း ၉ဝဝ ခန့်ကို ပြန်လည်ပြုပြင်ပေးသွားမည်ဟု မကြာသေးခင်က နိရဥ္စရာကိုပြောဆိုထားသည်။

https://www.facebook.com/narinjara.info/posts/5558100414201990

Leave a Reply

Your email address will not be published.