By Voice Of Westland (VOW)/ 2022 June 23
ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်တိုက်နယ်မှာ ကူးတို့လှေသမားလူငယ်တစ်ဦးကို ဒီကနေ့မနက် ၁၀ နာရီခွဲအချိန်လောက်က ရဲတပ်ဖွဲ့ဝင်တွေက ခေါ်ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရဲကခေါ်ယူသွားသူမှာ ဟုန်းဝမ်းကျေးရွာနဲ့ သင်းဂနက်ကျေးရွာကို ကူးတို့လှေဆွဲနေတဲ့ အသက်(၁၈) နှစ်အရွယ် ကိုမင်းမင်းစိုးဖြစ်တယ်လို့ ပြောပါတယ်။
သူဟာ ဒီကနေ့မနက်ပိုင်းက ဟုန်းဝမ်းက ကူးတို့ဆိပ်အိမ်မှာ ရှိနေစဉ် ကျောက်နီမော်ရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၅ ယောက်လောက်က လာရောက်ခေါ်ဆောင်သွားတာဖြစ်တယ်လို့ဒေသခံတစ်ဦးက ပြောပါတယ်။
” ကူးတို့အိမ်မှာရှိနေတဲ့အချိန် ခေါ်သွားတာလို့ သိရတယ်။ ဘာကြောင့်ခေါ်သွားလဲဆိုတာတော့ မသိရသေးဘူး။ ခေါ်တဲ့အချိန်မှာ ရဲ လေးငါးယောက်လောက် ပါတယ်” လို့ ကျောက်နီမော်ဒေသခံတစ်ဦးက VOW သတင်းဌာနကို ပြောပါတယ်။
ကိုမင်းမင်းစိုးဟာ ဟုန်းဝမ်းနဲ့ သင်းဂနက်ကို ကူးတို့လှေဆွဲနေတာ တစ်နှစ်လောက်ကြာပြီလို့ သူကပြောပါတယ်။
မနေ့က ဇွန်လ ၂၃ ရက်နေ့က ကျောက်နီမော်တိုက်နယ်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်နှစ်ယောက်ကို AA ကဖမ်းဆီးပြီးနောက် အခုလိုအရပ်သား ကူးတို့သည် လူငယ်တစ်ယောက် ဖမ်းဆီးခံရတာလည်း ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ကျောက်နီမော်ရဲစခန်းကို VOW က အဆက်အသွယ်ရနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။