ရခိုင်ရှိ မြိုလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး အခြားလူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရန်ဆုံးဖြတ်

By Narinjara / 2022 June 07

ရခိုင်ပြည်နယ်အတွင်းရှိ မြိုလူမျိုးဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားလူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီးကျွေးရွာတွင် ဇွန်လ ၄ ရက်မှ ဇွန်လ ၆ ရက်အထိ ၃ ရက်တိုင်တိုင် ကျင်းပခဲ့သော မြိုလူငယ်ကိုယ်စားလှယ်များတွေ့ဆုံပွဲနောက်ဆုံးနေ့တွင် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

မြိုလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် မြိုလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးစသည့်ကဏ္ဍများကိုပါ အခြားလူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းချိတ်ဆက်ကာ ဆောင်ရွက်သွားမည်ဟု ပွဲကျင်းပရေးကော်မတီဝင်တစ်ဦးက နိရဥ္စရာကိုပြောသည်။

“ကျွန်တော်တို့မြိုတိုင်းရင်းသား‌တွေအတွက် အနာဂတ် ဖွံ့ဖြိုးတိုးတက်‌ရေးကဏ္ဍတွေကို ဘယ်လိုတည်ဆောက်မယ်ဆိုတာရယ်။ ပြီးတော့ ဘယ်လိုပုံစံမျိုး‌ဆောင်ရွက်သွားဖို့ဆိုတာနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြပါတယ်။ အဓိက လူမှုရေး၊ ပညာ‌ရေး၊ ကျန်းမာရေးနဲ့ လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးကိုလည်း တခြားအဖွဲ့အစည်းများနဲ့ပူးပေါင်း‌ဆောင်ရွက်သွားဖို့ရှိပါတယ်”ဟု ပြောသည်။

မြိုလူမျိုးများသည် ရခိုင်မျိုးနွယ်စုဝင်များထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း လူဦးရေ ၃ သောင်းကျော်နေထိုင်လျက်ရှိသည်ဟု မြိုစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးဇနီဖြူက ပြောသည်။

မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်တို့တွင်နေထိုင်ကြပြီး ယင်းအနက် မောင်တောမြို့နယ်တွင် အများဆုံးနေထိုင်လျက်ရှိသည်ဟု ဆိုသည်။

တောတောင်များကို မှီခိုကာ တောင်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်စားသောက်ကြပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ မြို့ပြနှင့် အလှမ်းကွာဝေးမှုတို့ကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးစသည်တို့တွင် ဖွံ့ဖြိုးတိုးတက်မှုမရှိဖြစ်နေသည်ဟု သိရသည်။

မြိုလူငယ်ကိုယ်စားလှယ်များတွေ့ဆုံပွဲကို မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များရှိ မြိုလူငယ်များပူးပေါင်းဖွဲ့စည်းထားသော MYEDA (Mro Youths Education Development Association)အပါအဝင် ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်များရှိ မြိုလူငယ်များပူးပေါင်းဖွဲ့စည်းထားသော MYDA (Mro Youths Development Association)နှင့် MYNG (Mro Youths New Generation)တို့ ပူးပေါင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲကို လူဦးရေ ၄၀ ကျော်ခန့် တက်ရောက်ခဲ့ပြီး မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်များမှ မြိုလူငယ်များနှင့်လည်း Network တစ်ခုပြုလုပ်နိုင်ခဲ့ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/5532749036737128

Leave a Reply

Your email address will not be published.