ရခိုင်ပြည်နယ်အစိုးရက ပြည်သူကို အနိုင်ကျင့်နေသည့်အတွက် ကိုင်တွယ်ရမည်ဟု AA က သတိ​ပေး

By Western News/ 2022 June 15

စစ်ကောင်စီ လက်အောက်ခံရခိုင်ပြည်နယ် အစိုးရသည် ရခိုင်ပြည်သူများအပေါ် အနိုင်ကျင့် ဗိုလ်ကျ မှုများရှိနေသည့်အတွက် လိုအပ်လျှင် ကိုင်တွယ်ရမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ပြောဆိုလိုက်သည်။

ဇွန် ၁၄ ရက်နေ့  ပြုလုပ်သည့် ULA/AA ဦးဆောင်သည့် ရက္ခိုင်ပြည်သူ့အစိုးရ၏ တတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ၌ ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခမှ ယခုကဲ့သိုပြောဆိုခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အစိုးရသည် ရခိုင်ပြည်သူများကို အနိုင်ကျင့်ဗိုလ်ကျမှုနှင့် ပြည်သူ့ဘဏ္ဍာငွေများကို အလွဲသုံးစားမှု အကျင့်ပျက် ခြစားမှုများ ထူပေါနေသည်ကိုတွေ့ရကြောင်း ဦးခိုင်သုခကပြောဆိုသည်။

“ရခိုင်ပြည်နယ်အစိုးအဖွဲ့ဟာ ပြည်သူတွေကို အနိုင်ကျင့် ဗိုလ်ကျမှုတွေနဲ့ ပြည်သူ့ ဘဏ္ဌာငွေတွေကို အလွဲ သုံးစားလုပ်တာတွေ အကျင့်ပျက်ခြစားမှုတွေ ထူပေါတာတွေရှိနေတယ်။ စစ်ကောင်စီအစိုးရအဖွဲ့မှာပါဝင်နေကြတဲ့ ရခိုင်လူမျိုးတွေကိုလည်း အချိန်အနေအတိုင်အတာတစ်ခုထိအရ သည်းခံစောင့်နေပေမယ့်လည်း ပြည်သူတွေကို တရားလွန် ဒုက္ခပေးလာရင် လိုအပ်သလိုကိုင်တွယ်လာရလိမ့်လို့ အထူးသတိပေးလိုတယ်”ဟုပြောသည်။

ယင်းအပြင် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့များတွင် ပါဝင်နေသည့် ရခိုင်လူမျိုးများကိုလည်း အချိန်နှင့်အချိန် အခါအရ သည်းခံစောင့်ကြည့်နေခြင်းဖြစ်ပြီး လိုအပ်လျှင် လိုအပ်သလို ကိုင်တွယ်ရလိမ့်မည်ဖြစ်ကြောင်း ခိုင်သုခက သတိပေးပြောဆိုခဲ့သည်။

လက်ရှိစစ်ကောင်စီ လက်အောက်ခံပြည်နယ်အစိုးရသည် ယခင်အစိုးရအဆက်ဆက်ထက်ပင် ပိုမိုဆိုးဝါးနေကြောင်း ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခက ပြောဆိုသည်။

https://www.facebook.com/westernnewsagency/posts/543488670790975

Leave a Reply

Your email address will not be published.