By Voice Of Westland (VOW)/ 2022 June 20
အောင်ကြည်မိုး(သင်းပုန်းတန်း)ရေးသည်။
၂၀၂၂ ခုနှစ်၊ အခြေခံစာကျောင်းများ စတင်ဖွင့်လှစ်ခဲ့တဲ့ ဇွန်လဆန်းပိုင်းက စစ်တွေမြို့၊ အ.ထက (၄) မှာ Grade-7 တက်ရောက်သင်ကြားနေတဲ့ သမီးငယ်ကို စာရေးသူမှ ကျောင်းသို့လိုက်ပို့ဖြစ်တဲ့အချိန် ကျောင်းအနီး နားက အမှိုက်ပုံးများထဲ စည်းကမ်းမဲ့ပြည်သူတချို့က အမှိုက်စွန့်ပစ်ထားကြတာကို တွေ့မြင်နေရပါတယ်။ အမှိုက် စွန့်ပစ်ရာမှာ အမှိုက်ပုံးရှိရာသို့ ရောက်အောင်မသွားကြတော့ဘဲ အမှိုက်ပုံအနီးသို့အရောက်တွင် အမှိုက်တွေကို ဝဲ၍ ပစ်ခဲ့ကြလို့ အမှိုက်ပုံအနီးတစ်ဝိုက် အမှိုက်များမှာပြန့်ကြဲလျက် ယင်ကောင်တွေ တရုန်းရုန်း၊ ခွေးတွေ တဝုန်းဝုန်း၊ အနံ့တထောင်းထောင်းဖြင့် မြင်မကောင်း၊ရှုမကောင်း ဖြစ်နေခဲ့ရပါတယ်။ မိုးရာသီဖြစ်သည့်အတွက် အမှိုက်ပုံမှ အနံ့အသက်များမှာ ပိုမိုဆိုးရွားစွာ ထွက်ပေါ်လာတတ်တဲ့အချိန်ခါဖြစ်လို့ စစ်တွေမြို့၊အ.ထက (၄) မှာ ကျောင်းလာ တက်တဲ့ ကျောင်းသူ၊ကျောင်းသူတွေဟာ အမှိုက်ပုံမှ အနံ့ဆိုးကို ရှုရှိုက်နေခဲ့ကြရပါတယ်။ စည်းကမ်းမဲ့ စွန့်ပစ် အမှိုက်တွေကြောင့် မိုးရာသီရောက်ပြီရင် စစ်တွေမြို့က ရေမြောင်းများ ပိတ်ဆို့မှုဖြစ်နေရခြင်းက အဓိကအ ကြောင်းရင်းတစ်ခုထဲ ပါဝင်နေရပါတယ်။
ဒါပေမဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့မှစတင်ကာ စစ်တွေမြို့မှာ အမှိုက်များကို ညနေငါးနာရီမှ ကိုးနာရီ အတွင်းသာ စွန့်ပစ်ကြရန် စည်ပင်သာယာရေးအဖွဲ့က သတိပေးဆိုင်းဘိုးများစိုက်ထူထားတာတွေကို တွေ့မြင် နေရလို့ အလွန်ပင် ကြိုဆိုဖြစ်ခဲ့ရပါတယ်။ အခုဆိုရင် စစ်တွေမြို့၊အ.ထ.က(၄) အနီးနားက အမှိုက်ပုံးတွေမှာလည်း အမှိုက်တွေ မြင်မကောင်းအောင် မတွေ့ရဖြစ်နေခဲ့ပါပြီ။
ပလတ်စတစ်အမှိုက် ပြဿနာဟာ နေရာတိုင်းလိုလိုမှာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေတစ်ခုသို့ ရောက် ရှိနေသည်မှာ အမှန်တကယ်ပင်ဖြစ်ပါတယ်။ စာရေးသူတို့ စစ်တွေမြို့ ၊ပွိုင့်ကမ်းခြေမှာဆိုရင်လည်း ပလပ်စတစ်နဲ့ အမှိုက်သရိုက် တို့ဖြင့် မလှပတဲ့မြင်ကွင်းကို မြင်တွေ့နေရတတ်ပါတယ်။
လူဆိုတာကလည်း ကိုယ့်ဒေသမှာ ဘယ်လိုပဲ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်နေခဲ့ပါစေ စင်္ကာပူနိုင်ငံလို အမှိုက်ပစ်ရင် ဒဏ်ရိုက်တတ်တဲ့နေရာကိုရောက်ရှိသွားမယ်ဆိုပါမှု အမှိုက်ပစ်ရင် ဒဏ်ရိုက်ခံရမှာကို သိရှိထားတဲ့အတွက် နေရာ ကို တန်ဘိုးထား၍သော်လည်းကောင်း၊ စည်းကမ်းကိုလေးစား၍သော်လည်းကောင်း၊ ဒဏ်ကိုကြောက်၍သော် လည်းကောင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ဖို့ လက်တွန့်သွားတတ်ကြပါလိမ့်မယ်။
၂၀၁၇ ခုနှစ်က စာရေးသူအနေဖြင့် မြိတ်မြို့ကို လေ့လာရေးခရီးစဉ် သွားရောက်ခဲ့ရာ ထိုအချိန်က မြိတ်မြို့နယ် စည် ပင်သာယာရေးကော်မတီမှ မြို့ရွာသန့်ရှင်းသာယာလှပရေးအတွက် “ စည်းကမ်းမဲ့ အမှိုက်ပစ်သူ” ဒဏ်ငွေ ၂ သိန်း၊ သတင်းပေးသူ ဆုငွေ ၁ သိန်းဆိုပြီး ဆိုင်းဘုတ်ကြော်ငြာတွေ ကပ်ထားတာကို တွေ့မြင်နေခဲ့ဖူးပါတယ်။
၂၀၁၇ ခုနှစ်က ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ Center For Diversity And National Harmony (CDNH) ရဲ့အစီအစဉ်နဲ့ တနင်္သာရီတိုင်း မြိတ်မြို့ကို လေ့လာရေးခရီးစဉ် စာ ရေးသူတို့ သွားရောက်ခဲ့ဖူးပါတယ်။ မြိတ်(ဘိတ်)မြို့လေ့လာရေးခရီးစဉ်က ဇူလိုင်လ ၁ ၂ ရက်နေ့က ၁၆ ရက်နေ့ အထိ ငါးရက်ခရီးစဉ်တစ်ခုဖြစ်ပါတယ်။
(၂)
၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက် နေ့ မနက် ခုနစ်နာရီဆယ့်ငါးမိနစ်မှာ UB 303 လေယာဉ်နဲ့ ရန်ကုန်ကနေ မြိတ် မြို့ ကို ကျွန်တော်တို့အဖွဲ့ ခရီးဆက်ခဲ့ကြပါတယ်။ ကျွန်တော်နဲ့အတူ ရခိုင်က AGE မှ ဦးချစ်မြ၊ ဝံလက်ဖောင်ဒေးရှင်း ဒါ ရိုက်တာ ဦးခိုင်ကောင်းစံတို့ ပါဝင်သွားရောက်ခဲ့ကြပါတယ်။
ကျွန်တော်တို့အဖွဲ့စီးနင်းလိုက်ပါလာတဲ့လေယာဉ်ဟာ ရှစ်နာရီဆယ်မိနစ်မှာမြိတ်မြို့ကိုရောက်ရှိပြီး ကျွန်တော် တို့တည်းခိုမယ့် Hotei Grand Jade ကို စီစဉ်ထားတဲ့ကားနဲ့ ခရီးဆက်ခဲ့ပါတယ်။ လေယာဉ်ကွင်းကနေ ဟိုတယ်ကို သွားတဲ့လမ်းတလျှောက်မှာ အမှိုက်ကင်းစင်သန့်ရှင်းပြီး လှပနေတဲ့ကမ်းခြေမြို့လေးက လှိုက်လှဲပျူငှာစွာ ကြိုဆို နေသလိုမျိုး ကျွန်တော့်စိတ်ထဲမှာခံစားရမိပါတယ်။ ကားပေါ်လိုက်ပါသူအများစုရဲ့နှုတ်ဖျားမှာ သန့်ရှင်းတဲ့မြို့က လေးဆိုပြီး တဖွဖွရွတ်ဆို ပြောဆိုနေတဲ့စကားသံကို ကြားနေရပါတယ်။ မြန်မာနိုင်ငံထဲ ကျွန်တော်ရောက်ဖူးသမျှ မြို့ထဲမှာတော့ မြိတ်မြို့ဟာသန့်ရှင်းသပ်ရပ်မှုအရှိဆုံးနဲ့ အလှပဆုံးမြို့လေးဖြစ်တယ်ဆိုတာကိုတော့ ဝန်ခံရမှာပါ။
မြိတ်မြို့ဒေသခံတွေရဲ့စကားသံတွေက ကျွန် တော်တို့ရခိုင်လူမျိုး လေယူလေသိမ်းနဲ့ တော်တော်လေးကို ဆင်တူ နေပါတယ်။ သူတို့သာမန်စကားပြောတာကို နားလည်ပေမဲ့ သူတို့အမြန်ပြောပြီဆိုရင်တော့ ငါးဆယ်ရာနှုန်း လောက်ကို နားလည်အောင် မနည်းကြိုးစားရပါတယ်။ လေသံဆင်သလိုရှိပေမယ့် မြိတ်ကစကားနဲ့ရခိုင်စကားမှာ ဒေသိယအသုံးအနှုန်းတွေက တော်တော်များများကို ကွဲပြားပါတယ်။ ဒါပေမယ့်တခြားတိုင်းရင်းသားတွေ နား ထောင်တဲ့အခါမှာတော့ လေသံကအတူတူလိုဖြစ်နေတာကို တွေ့ရမှာပါ။ ရခိုင်ဒေသနဲ့မြိတ်ဒေသဟာ လေယူ၊လေ သိမ်းမှာသာတူညီတာမဟုတ်ပဲ နေရာဒေသမှာလည်း ကမ်းရိုးတန်းဒေသချင်းတူညီလို့ ရာသီဥတုမှာလည်း တူညီ နေတာကိုတွေ့ရပါတယ်။ အပြောအဆိုပွင့်လင်းမှုရှိတာ၊ ဧည့်သည်အပေါ်မှာပျူငှာ ဖော်ရွေတာနဲ့ အစားအသော က်ပိုင်းမှာလည်း အစပ်ကြိုက်တာချင်း တူညီတာကို သတိထားမိပါတယ်။ ရခိုင်မှာ ပိုက်ဆံငွေကြေးကို ဒင်္ဂါး၊ ပေသာ၊ ပိုက်ဆံရယ်လို့ မြို့နယ်အလိုက်ခေါ်ဝေါ်ကြပေမယ့် မြိတ်ဒေသစကားနဲ့ ပိုက်ဆံငွေ ကြေးကို ကြေးပြားလို့ ခေါ် ကြောင်း။ တိုင်းဒေသကြီးတွေမှာနေထိုင်သူတွေကို ရခိုင်မှာ ဗမာပြည်သား(အောက်သား)လို့ဒေသအချို့မှာ သုံးနှုန်း သလို မြိတ်ဒေသမှာလည်း တိုင်းဒေသကြီးတွေမှာနေထိုင်သူတွေကို ဒေသအခေါ် ဂံသား (ပုဂံသား) လို့ခေါ် ကြောင်း လည်း မှတ်သားခဲ့ရပါတယ်။ မတူတာက ရခိုင်ဒေသမှာ အမှိုက်ကို စည်းကမ်းမဲ့ ပရမ်းပတာ အမှိုက်ပစ်နေခြင်းနဲ့ မြိတ်မြို့မှာ အမှိုက်ကို စနစ်တကျစွန့်ပစ်နေကြခြင်းပါပဲ။
စာရေးသူတို့လေ့လာရေးအဖွဲ့သားတွေကို မြိတ်မြို့တစ်ပတ် ကားနဲ့လိုက်ပြခဲ့တဲ့အတွက် မြို့အနှံကို ရောက် ရှိခဲ့ရပါတယ်။ မြိတ်မြို့ဟာ အလျား၊အနံ ကိုးမိုင်ပတ်လည်ရှိတဲ့မြို့တစ်မြို့ဖြစ်ပေမယ့် လမ်းမကြီး ပေါ်မှာ အမှိုက် တစ်စမရှိအောင် သပ်ရပ်သန့်ရှင်းလှပတဲ့မြို့တစ်မြို့ဖြစ်တာကို အထူးသတိထားမိပါတယ်။ အဲဒီလို အရမ်း သန့်ရှင်း သပ်ရပ်ပြီးလှပတဲ့မြို့လေးမှာ စည်းကမ်းနဲ့မနေတတ်တဲ့ ကျွန်တော့်အတွက်တော့ နည်းနည်း ဒုတ္ခရောက် ရပါ တယ်။ ဒီတော့ဆေးလိပ်သောက်ပြီးရင် သန့်ရှင်းလွန်းတဲ့မြို့မှာ သောက်ပြီးသား ဆေးလိပ်ပိုင်းကိုလည်း လက် လွတ်စပယ်မပစ်ရဲ၊ စည်းကမ်းမဲ့ အမှိုက်ပစ်ရင် ဒဏ်ရိုက်ခံမှာကြောက်လို့ ဒုတ္ခရောက်ခဲ့ရပါတယ်။
(၃)
လေ့လာရေးဒုတိယနေ့ဖြစ်တဲ့ ဇူလိုင်လ ၁၃ ရက်နေ့မှာတော့ မနက်စာစားပြီး မနက်ကိုးနာရီ ဟိုတယ်ရှိ လေး လွှာက အစည်းအဝေးခန်းမှာ
မြိတ်မြို့စည်ပင်သာယာရေးအရာရှိ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအပါအဝင် မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံခဲ့ ကြရပါတယ်။ သူတို့အဖွဲ့ရဲ့ရှင်းပြချက်ကြောင့် မြိတ်မြို့မှာ မြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၂၂ အုပ်စုရှိ ကြောင်း၊ မြိတ်မြို့နယ်မှာစာရင်းအရ လူဦးရေတစ်သိန်းကျော်လို့ ဖော်ပြထားပေမယ့် ရွှေ့ပြောင်း လုပ်သားများ ပြားတဲ့ ဒေသဖြစ်တာကြောင့် အမှန်တကယ်အနေနဲ့ လက်ရှိမှာလူဦးရေသုံးသိန်းကျော်ရှိကြောင်း မှတ်သားခဲ့ရပါ တယ်။ မြိတ် ဒေသဟာအရင်ကပဲ ကိုယ်ထူကိုယ်ထအလေ့ရှိခဲ့ကြောင်း။ မူလက ဌာနပိုင်စည်ပင် သာယာ အမှိုက် သိမ်းကား ၅ စီးသာ ရှိခဲ့ပေမယ့် ဒေသခံပြည်သူနဲ့ ကုမ္ပဏီၤတွေပူးပေါင်းပါဝင်ပြီး ထပ်မံဝယ်ယူခဲ့လို့ အခုဆိုရင် စည်ပင်အမှိုက်သိမ်းကား ၁၆ စီးရှိနေပြီဖြစ်ကြောင်း။ မီးသတ်ကားဆိုရင်လည်း ဌာနမှာမူလက ၄ စီးသာ ရှိခဲ့ပေမယ့် အခုဆိုရင် ဒေသခံတွေနဲ့ ကုမ္ပဏီ တွေ ပူးပေါင်းပါဝင်ပြီးထပ်မံဝယ်ယူလို့ အခုဆိုရင်အစီး ၂၀ ရှိနေပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒါတင်မက မြို့သူမြို့သားတွေရဲ့ ကိုယ့်မြို့ကိုတိုးတက်လိုစိတ်၊ လှပလိုစိတ်တွေနဲ့ ရေသွယ်မှု၊ လမ်း ခင်းမှုတို့မှာလည်း ဒေသခံပြည်သူတွေနဲ့ ကုမ္ပဏီတွေပူးပေါင်းလို့ ပါဝင်ခဲ့ကြောင်း မှတ်သားခဲ့ရပါတယ်။
မြိတ်မြို့စည်ပင်သာယာရေးအရာရှိ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့မိမြို့ဖတွေနဲ့တွေ့ဆုံပွဲမှာ မှတ် မှတ်သားသားရှိတဲ့စကားလေးကတွေတော့ “ကျွန်တော်တို့မြို့လေးက ကုမ္ပဏီနဲ့လည်း ပူးပေါင်းတယ်၊ အစိုးရနဲ့ လည်းပူးပေါင်းတယ် အခုဖွံ့ဖြိုးတိုးတက်မှုတွေက ကျွန်တော်တို့မြို့မှာကျန်ခဲ့မယ့်အရာတွေလေ” ဆိုတဲ့ မြို့မိမြို့ဖ တစ်ဦးရဲ့စကားပဲ ဖြစ်ပါတယ်။ မြိတ်မြို့သူမြို့သားတွေဟာ ကိုယ့်မြို့ကိုတိုးတက်လိုစိတ်၊ လှပလိုစိတ်တွေနဲ့ ကြိုး စားပြီး မြို့လေးအရမ်းတိုးတက်နေရတာကိုမြင်ရတော့ မြိတ်ဒေသအတွက် ဒေသခံတွေကိုယ်စား ရိုးရိုးသားသား ပြောရရင် ချီးကျူးအားကျမိပါတယ်။ တကယ်တော့ မြိတ်မြို့ဆိုတာ ခရိုင်အဆင့်ရှိတဲ့မြို့လေးတစ်မြို့ အဆင့်သာ ဖြစ်ပါတယ်။ ဒါပေမဲ့ သန့်ရှင်းသာယာလှပနေပါတယ်။ စာရေးသူတို့ ရခိုင်ပြည်နယ်မြို့တော်ထက်စာရင် အများကြီး အမှိုက်ကင်းစင်နယ်မြေအဖြစ်နဲ့ သန့်ရှင်းနေပါတယ်။ နောက်မှတ်သားစရာစကားတစ်ခုကတော့ ကျွန်တော်တို့ မြို့မှာ ဘယ်နေရာမှာမှ အမှိုက်မပစ်ရလို့ ဆိုင်းဘုတ်ချိတ်မထားဘူး။ အမှိုက်ကိုဘယ်နေရာမှာပစ်ပါဆိုတဲ့ ဆိုင်း ဘုတ်ပဲ ရှိတယ်ဆိုတဲ့စကားပဲဖြစ်ပါတယ်တဲ့။ ကျွန်တော်ရောက်ခဲ့တဲ့မြို့တိုင်းမှာ အမှိုက်မပစ်ရလို့သာရေးထားကြ တယ် အမှိုက်ဘယ်မှာပစ်ရမယ်လို့ လမ်းညွှန်ထားတဲ့ဆိုင်းဘုတ်ကိုတော့ ကျွန်တော်မတွေ့ဖူးခဲ့ပါ။
နောက်တစ်ခုထပ်မံသိခဲ့ရတာက မြိတ်မြို့မှာအမှိုက်သိမ်းစံနစ်ကို ဒေသခံတွေကရပ်ကွက်အလိုက်တာဝန်ယူကြ ပြီး အမှိုက်ခွန်ကောက်ခံတဲ့စံနစ်ကို တိုင်းအစိုးရရဲ့ခွင့်ပြုချက်နဲ့ ပယ်ဖျက်လိုက်ပြီဆိုတာပါပဲ။ မြို့ရွာဖွံ့ဖြိုးတိုး တက် ရေးက ၂၀၁၅ ခုနှစ်လောက် ကစလို့ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှုက ပိုမို အားကောင်းလာတယ်လို့လည်း သိရှိခဲ့ရပါတယ်။ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ကစလို့ အမှိုက်ပစ်ရင် ငွေနှစ်သိန်း ဒဏ်ငွေဆောင်ရပြီး အမှိုက်ပစ်တယ်လို့သတင်းပေးသူကို တစ်သိန်းဆုချီးမြှင့်တဲ့အစီအစဉ်ကို မြိတ်မြို့မှာ စတင်လိုက်ခဲ့ခြင်းဖြစ်ပါတယ်။ လမ်းတလျှောက်ချထားတဲ့အမှိုက်ပုံးတွေကိုလည်း အလှုရှင်တွေကလှုဒါန်းတာဖြစ်ကြောင်းကိုလည်း သိရှိခဲ့ရပါ တယ်။
စည်ပင်သာယာရေးအဖွဲ့ပိုင် နယ်နမိတ်အတွင်း အမှိုက်မပစ်ရ တားမြစ်ထားတဲ့ နေရာတွေမှာ ကုမ္ပဏီ သို့မဟုတ် ပြည်သူတစ်ဦးတယောက်မှသော်လည်းကောင်း ဝန်ထမ်းတစ်ဦးဦးက စည်းကမ်းမဲ့ အမှိုက်တွေကို စွန့်ပစ်နေတာကို တွေ့ရှိပါက မည်သူမဆို မှတ်တမ်းဓာတ်ပုံများ၊ စွန့်ပစ်သည့်နေရာများနဲ့ နေအိမ်တွေကို အတိအကျ စည်/ ကော်သို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနံပါတ်ဖြစ်စေ တိုင်ကြားသတင်းပေးနိုင်သူကို နာမည်လျှို့ဝှက်၍ ဆုငွေ ၁ သိန်း ချီးမြှင့်ပေးသွားမည် ဖြစ်ကာ၊ တိုင်ကြားခံရသူအား ဒဏ်ငွေ ၂ သိန်းကျပ်ဖြင့် သတိပေးအရေးယူသွားမည်ဖြစ်ပါတယ်။
(၄)
အမှိုက်တွေကို စည်းကမ်းမဲ့ မစွန့်ပစ်ရန် ဆုပေးဒဏ်ပေးစနစ်ဆိုင်းဘုတ်ကြော်ငြာကို ဇူလိုင်လ ဆန်းပိုင်းမှ စတင်၍ မြိတ်မြို့မှာ အများပြည်သူ သိရှိနိုင်မဲ့ နေရာ ၃၀ တွင် မြေစိုက်ဆိုင်းဘုတ်တွေကို မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီရုံးမှ တရားဝင် ကြေညာ စိုက်ထူထားခြင်းဖြစ်ကြောင်းအား မြိတ်မြို့စည်ပင်ကော်မတီမှ စာရေးသူတို့အဖွဲ့နဲ့တွေ့ဆုံစဉ်မှာ ပြော ဆိုခဲ့ခြင်းဖြစ်ပါတယ်။
တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဆိုင်ရာ နည်းဥပဒေ အမိန့်ကြော်ငြာစာ အမှတ် (၁/၂၀၁၈) အရ၊ တနင်္သာရီတိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေ အခန်း ၁၈၊ ပုဒ်မ ၆၆ အရ စီမံ ခန့်ခွဲရေးဆိုင်ရာ ဒဏ်ကြေးငွေကို သော်လည်းကောင်း သို့မဟုတ် သက်ဆိုင်ရာ တရားရုံးမှ တနင်္သာရီတိုင်း ဒေသကြီး စည်ပင်ဥပဒေ အခန်း ၁၉၊ ပုဒ်မ ၇၀ အရ ငွေဒဏ် အနည်းဆုံး ကျပ် ၃၀၀၀၀ မှ အများဆုံး ၃၀၀၀၀၀ ထိ ချမှတ်ခြင်းကို သော်လည်းကောင်း ခံရမည်ဖြစ်ပါတယ်။ အဆိုပါ ပြစ်မှုကို ဆက်လက်၍ ဖောက်ဖျက် ကျူးလွန်လျှင် ကျူးလွန်သည့် နေ့ရက်များအတွက် တနင်္သာရီတိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေ အခန်း ၁၉၊ ပုဒ်မ ၇၄ အရ တစ်နေ့လျှင် ငွေဒဏ် ကျပ် ၁၀၀၀၀ ချမှတ်ခံရမည်ဟု ဖော်ပြထားကြောင်းကိုလည်း ဖတ်ရှုနေခဲ့ရပါတယ်။
နိဂုံးချုပ်ရပါရင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု ဖြစ်ရခြင်းဟာ အမှိုက်ပစ်ရန် အမှိုက်ပုံးများ လုံလောက်စွာ မထားရှိ သောကြောင့်လည်းဖြစ်နိုင်ပါတယ်။ စစ်တွေမြို့နယ်စည်ပင်သာယာအဖွဲ့အနေဖြင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုကို ကိုင်တွယ်ဖြေရှင်းရာမှာ အများပြည်သူများ အမှိုက်စွန့်ပစ်ရန် အမှိုက်ပုံးများ လုံလောက်စွာ ထားရှိပေးခြင်းကို ပထမဦးစွာ လုပ်ဆောင်ရမည့်အချက်လည်းဖြစ်နေရပါတယ်။ ဒီကနေ့အချိန် စာရေးသူတို့ စစ်တွေမြို့မှာဆိုရင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်နေမှုတေွနဲ့ ပတ်သက်ပြီး လက်ရှိလုပ်ဆောင်နေတဲ့ အသိပညာပေးမှုတွေ ထိ ရောက်မှု ရှိလာစေဖို့ မြိတ်မြို့မှာလို ပြဋ္ဌာန်းထားသော ဥပဒေနဲ့အညီ ဆုပေး၊ဒဏ်ပေးစနစ်နဲ့ အရေးယူဆောင်ရွက်ရန် လို အပ်ပါမယ်။ ထိုသို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်နေမှုတွေကို အရေးယူရန် အသိပညာပေးကာလအဖြစ် (၃) ပတ်၊ တစ်လ သို့မဟုတ် သတ်မှတ်ပြီး နောက်တွင် ဆုပေး၊ ဒဏ်ပေးစနစ်ကျင့်သုံးသွားရမှာဖြစ်ပါတယ်။ ဆုပေး၊ဒဏ်ပေး စနစ်ကျင့်သုံးခြင်းမှ ဘဏ္ဍာငွေရှာနိုင်ကာ စည်ပင်သာယာဌာနဟာ ကိုယ့်ပိုက်ဆံကိုယ်ရှာ၍ ပြန်လည်သုံး စွဲရသော ဌာနဖြစ်တဲ့အလျောက် ဝန်ထမ်းတွေတိုးပြီးခန့်အပ်လာနိုင်မှာလည်းဖြစ်တယ်။ ရခိုင်ပြည်နယ်ရှိ မြို့နယ်တိုင်း အား လုံးလိုလိုမှာ အမှိုက်ပုံးလုံလောက်သော အနေအထားတစ်ခုကို ရောက်ရှိလာပြီဆိုတာနဲ့ မြိတ်မြို့ မှာကဲ့သို့ ထို ဆုပေး၊ ဒဏ်ပေးစနစ် ကျင့်သုံးခြင်းဟာ စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်းကို အဓိက ဖြေရှင်းနိုင်မဲ့ နည်းလမ်းဖြစ်တဲ့ အပြင် သန့်ရှင်းရေးဝန်ထမ်း လိုအပ်မှုကိုလည်း ဖြေရှင်းနိုင်မှာဖြစ်ကြောင်းအား တင်ပြလိုက်ရပါတယ်။
အောင်ကြည်မိုး(သင်းပုန်းတန်း)