By Western News/ 2022 June 30

ရခိုင်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ စပြီး ဇွန်လ (၂၈) ရက်နေ့ အထိ (၆) လအတွင်းမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွါးသူ (၃၇၇) ဦးအထိ ရှိနေသည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ မှ ဧပြီလ အထိကို သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွါးသူ အနည်းငယ်သာ ရှိသော်လည်း မေလ နှင့် ဇွန်လ အတွင်း ရောဂါ ဖြစ်ပွါးသူဦးရေ သိသိသာသာ မြှင့်တက်လာခြင်းဖြစ်သည်။
ယခုနှစ် ဇန်နဝါရီလတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွါးသူ (၁၀) ဦး၊ ဖေဖော်ဝါရီလတွင် (၁) ဦး၊ မတ်လ တွင် (၅) ဦး၊ ဧပြီလတွင် (၆) ဦး ၊ မေလတွင် (၁၃၁) ဦး နှင့် ဇွန်လတွင် (၂၄၄) ဦး စုစုပေါင်း (၃၇၇) ဦးရှိသည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၏ စာရင်းများအရ သိရသည်။
ရခိုင်တွင် မြေပုံ မြို့နယ်မှအပ ကျန်မြို့နယ်များအားလုံးတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွါးမှုရှိနေခြင်းဖြစ်ပြီး တောင်ကုတ်၊ သံတွဲ ၊ စစ်တွေ စသည့် မြို့နယ်များတွင် ရောဂါ ဖြစ်ပွါးသူ ဦးရေ အများဆုံးရှိနေသည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်မှ Western News ကိုပြောသည်။
“မြို့နယ်တော်တော်များများမှာတော့ဖြစ်ပွါးမှုရှိတယ်။ဒါပေမယ့်မြေပုံမှာတော့ ဖြစ်ပွါးမှုမရှိသေးဘူး။ဖြစ်ပွါးမှုများတဲ့ မြို့နယ်တွေကတော့ သံတွဲအဖြစ်များတယ်။ပြီးရင် တောင်ကုတ်နဲ့ စစ်တွေမှာလေ့ ဖြစ်ပွါးမှုများတယ်။လူဦးရေများပြီး ဆေးကုသမှုခံယူသူများတဲ့ ဒေသတွေမှာ ဖြစ်ပွါးမှုပိုများတဲ့ သဘောရှိပါတယ်” ဟုပြောသည်။
သံတွဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွါးသူ (၆၀) ဦးအထိ ရှိကာ ဖြစ်ပွါးသူဦးရေ အများဆုံးရှိနေခြင်းဖြစ်ပြီး တောင်ကုတ်တွင် ရောဂါဖြစ်ပွါးသူ(၅၆) ဦး နှင့် စစ်တွေ တွင်ရောဂါဖြစ်ပွါးသူ (၅၂) ဦးအထိရှိသည်။
ရခိုင်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွါးနေသူ (၃၇၀) ကျော်ရှိသည့်ထဲတွင် သေဆုံးသူ တစ်ဦးမျှ မရှိသေးဟု သိရသည်။
သွေးလွန်တုပ်ကွေးရောဂါသည် သွေးလွန်တုပ်ကွေးဗိုင်းရပ်စ် (Dengue Virus) သယ်ဆောင်လာသည့် ခြင်ကျားအကိုက်ခံရခြင်းမှဖြစ်ပွါးခြင်းဖြစ်ပြီး ခြင်ကျား၊ လောက်လန်း အများဆုံးပေါက်ပွါးနိုင်သည့်မိုးရာသီတွင် ဖြစ်ပွါးမှုအများဆုံး ရှိနေခြင်းဖြစ်သည်။
သွေးလွန်တုပ်ကွေးရောဂါသည် အသက်အရွယ်မရွေးကလေးငယ်များ နှင့် လူကြီးများတွင် ဖြစ်ပွါးနေခြင်းဖြစ်ပြီး အသက် (၁၅) နှစ်အထက် လူကြီးများတွင် ဖြစ်းပွါးပါက သေဆုံးနှုန်းမြင့်မားနိုင်သည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည်။
သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွါးမှုကို ကာကွယ်နိုင်ရန်အတွက် မိမိတို့ နေအိမ်ပတ်ဝန်းကျင်တွင် ခြင်ကျား၊ လောက်လန့် မပေါက်ပွါးနိုင်အောင် ပြုလုပ်ရန်လိုပြီး အိမ်တွင် အသုံးပြုနေသည့် ရေစည် ရေအိုးများနှင့် ဘုရားပန်းအိုးများအား တစ်ပတ်လျှင်တစ်ကြိမ် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ရန် ကျန်းမာရေးဌာနမှ ညွှန်ကြားထားသည်။
ရခိုင်တွင်သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ကျန်းမာရေးဌာနမှ နေအိမ်များတွင် အဘိတ်ဆေးခပ်မှုများနှင့် ရောဂါဖြစ်ပွါးမှုရှိသည့် လူနေအိမ်ပတ်ဝန်းကျင် အနီးမှာ ခြင်ဆေးဖြန်းခြင်းလုပ်ငန်း များအားပြုလုပ်ပေးလျက်ရှိသည်။
https://www.facebook.com/westernnewsagency/posts/553780956428413