By Western News/ 2022 June 29
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ခုနှစ် တိုက်ပွဲဖြစ်ပွဲချိန်မှစ၍ ယခုနှစ် ၂၀၂၂ ခုနှစ် ယနေ့ ဇွန်လ ၂၉ နေ့အထိ မြေမြှပ်မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား သေဆုံးဒဏ်ရာရရှိသူ ၁၃၁ ဦးထိရှိနေပြီဖြစ်သည်။
၂၀၁၈ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ၄နှစ်ကာလအတွင်းတွင် သေဆုံးဒဏ်ရာရရှိသူ ၁၁၀ဦးရေခန့်ရှိခဲ့ပြီး ယခုနှစ် ၂၀၂၂ခုနှစ် ၆လအတွင်းတွင်မူ သေဆုံးဒဏ်ရာရရှိသူ ၂၀ဦးကျော်ရှိသွားခဲ့ပြီဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး၏ စာရင်းမှတ်တမ်းများအရသိရသည်။
ယင်း၁၃၁ဦးထဲတွင် မိုင်းကြောင့် သေဆုံးသူ ၆၁ဦးနှင့်ကျန် ၇၀ဦးမှာ ထိခိုက်ဒဏ်ရာရရှိသူများဖြစ်သည်။
ယခုနှစ်တွင် စစ်ဘေးရှောင်တစ်ချို့မလွဲမရှောင်သာ၍ နေရပ်ပြန်ရမှုတို့ရှိပြီး အလုပ်အကိုင်ရှားပါးသည့်အတွက် တောတောင်များကို သွားရောက်ကာ ရှာဖွေစားသောက်ရင်း မြေမြှပ်မိုင်းကြောင်း သေဆုံးမှု ပိုများလာသည်ဟု RECအတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောသည်။
“စစ်ဘေးရှောင်တွေကို နိုင်ငံရေး အခြေအနေတွေကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေက ထောက်ပံ့တာနည်းလာတယ်။ပြီးတော့ စစ်ဘေးရှောင်တွေ မလွှဲမရှောင်သာလို့ နေရပ်ကို ပြန်ကြရတာတွေရှိမယ်။ နေရပ်ပြန်ရင် အရင်လို နိုင်ငံရေး အခြေအနေတွေမဟုတ်တော့ အလုပ်အကိုင်ရှားပါးတယ်။ဒါကြောင့် မိုင်းအန္တရာယ်ကို သိပေမယ့် ဝမ်းရေးအတွက် တောတောင်တွေကို အမှီပြုရှာဖွေစားသောက် ရတော့ သေဆုံးမှုတွေဟာ အခုနှစ်မှာ ပိုပြီးတော့ များလာနေတာဖြစ်ပါတယ်” ဟုပြောသည်။
သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့လည်း မိုင်းပေါက်ကွဲမှု မကြာခဏဖြစ်ပေါ်နေမှုအပေါ် အသိပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်လျှင် ပို၍ ထိရောက်နိုင်သည်ဟု ဆိုသည်။
တိုက်ပွဲများဖြစ်ပွားမှုမရှိတော့သော်လည်း ကျေးရွာအနီးတွင် ယခင်တိုက်ပွဲကာလ မြေမြှပ်မိုင်းများရှိကောင်းရှိနိုင်သလို တစ်ဖက်မှာလည်း မည်သူကမျှ တာဝန်ယူ မိုင်းရှင်းလင်းမှုမရှိ၍ နေရပ်ပြန်ဖို့ မျော်လင့်ချက်မဲ့နေဆဲဟု မြေပုံမြို့နယ် ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းမှ စစ်ဘေးဒုက္ခသည်တစ်ဦးကပြောသည်။
“ဒါးလက်ချောင်းဒေသဟာ သိတဲ့အတိုင်းပါပဲ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်။ ခုလည်း စစ်တပ်က တပ်စွဲထားတုန်းရှိပါသေးတယ်။စစ်ဘေးရှောင်စခန်းမှာ ပျော်လို့ နေလားလို့ထင်ကြလိမ့်မယ်။ နေရပ်ကို ပြောမပြတတ်အောင်ပြန်ချင်တာ။နေရပ်ပြန်ရင် ကျွန်တော်တို့ဟာ တောတောင်ကို အမှီပြုပြီး စားသောက်ရမှာဘဲ။ဒါဟာ ပုံမှန်ဘဝပါ။ဆိုတော့ အဲ့ဒီလို အမှီပြုလုပ်ကိုင်စားသောက် နိုင်ဖို့ တိုက်ပွဲအတွင်းက ကျန်ခဲ့တဲ့ မိုင်းတွေက ဘယ်သူကရှင်းပေးမှာလဲ။ကျွန်တော်တို့ အသက်ကိုကော ဘယ်သူက အာမခံမှာလဲပေါ့။ အခုလည်း ကြားနေရတယ်။မိုင်းပေါက်လို့သေကြတာတွေအများကြီးပဲ။ဒါကြောင့် တာဝန်ရှိသူတွေမိုင်းရှင်းပေးကြပါ။ကျွန်တော်တို့လည်း နေရပ်ပြန်ချင်ပါတယ်” ဟုပြောသည်။
ရခိုင်ပြည်နယ်မှ ဒေသခံအများစုမှာ လယ်ယာမြေနှင့် တောတောင်ကို အမှီပြုကာ လုပ်ကိုင်စားသောက်ကြသူများဖြစ်သည်။
၂၀၁၈ခုနှစ်မှ ၂၀၂၀ခုနှစ်အထိ ရခိုင်မြောက်ပိုင်းမြို့နယ်နှင့် ချင်းပြည်နယ်၊ပလက်ဝမြို့နယ်တို့တွင် AAနှင့် မြန်မာစစ်တပ်တို့တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကာလကတည်းက မပေါက်ကွဲပဲမြေမြှပ်မိုင်းအများအပြားကျန်ရှိခဲ့သည်။
ယင်းကြောင့် ရခိုင်မြောက်ပိုင်းမြို့နယ်များဖြစ်သည့် ရသေ့တောင်၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ အဆိုပါမြို့နယ်များတွင် မြေမြှပ်မိုင်းမကြာခဏပေါက်ကွဲကာ ဒေသခံ ပြည်သူများ သေဆုံးဒဏ်ရာရရှိမှု မကြာခဏဆိုသလိုရှိနေသည်။
ဇွန်လ ၁၄ရက်နေ့ကလည်း မျှစ်သွားခူးသည့် မြေပုံမြို့နယ် စညှင်းစစ်ဘေးရှောင်စခန်းက စစ်ဘေးဒုက္ခသည်၂ဦး မိုင်းပေါက်ကွဲ၍ ၁ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ဇွန်လ ၁၇ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်က လယ်ထွန်နေသည့် လင်မယား၂ဦး မိုင်းပေါက်ကွဲမှုကြောင်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ယင်းအပြင် မေလ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့အပြင် ၃၁ ရက်နေ့တို့တွင်လည်း မိုင်းပေါက်ကွဲမှုကြောင့် ကျောက်တော်၊အမ်း၊ မင်းပြားမြို့နယ်ဖက်က ဒေသခံ ၃ဦးသေဆုံးခဲ့ရသည်။
မြေမြှပ်မိုင်း မကြာခဏပေါက်မှုကြောင့် အရပ်သားပြည်သူ မကြာခဏ သေဆုံးမှုရှိသော်လည်း စစ်တပ်နှင့် AAနှစ်ဖက်လုံးက မိုင်းရှင်းလင်းပေးမှုမရှိပေ။
စစ်တပ်ဖက်က ၂၀၂၀ခုနှစ်က စစ်တွေ-အမ်း နှင့်ရသေ့တောင် အငူမော် လမ်းမကြီးတစ်လျှောက်တွင်သာ ရက်အနည်းငယ်ကြာ မိုင်းရှင်းလင်းမှု လုပ်ဆောင်ပေးခဲ့သည်။
သို့သော်လည်း ဒေသခံများမှာ အဆိုပါနေရာများတွင် မိုင်းပေါက်ကွဲကာ သေဆုံးနေရဆဲဖြစ်သည်။