ရခိုင်တွင် စစ်ရေးတင်းမာလာမှုကို ညှိနှိုင်း၍မရသည့်အခြေအနေဖြစ်နေဟု AA ပြော

By Narinjara / 2022 June 14

လက်ရှိရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား စစ်ရေးတင်းမာလာနေသည်ကို ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်နေသော်လည်း ညှိနှိုင်း၍မရသည့်အခြေအနေရှိနေကြောင်း AA ဘက်က ပြောဆိုလိုက်သည်။

ယနေ့ ဇွန်လ ၁၄ ရက် နံနက် ၁ဝ နာရီတွင်ပြုလုပ်သည့် ULA/ AA ၏ တတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ULA/ AA ၏ ပြောခွင့်ရသူ ဦးခိုင်သုခက ယခုကဲ့သို့ပြောဆိုသွားခြင်းဖြစ်သည်။

စစ်ကောင်စီအနေဖြင့် ULA တရားရုံးများ၌အမှုလာရောက်တိုင်ကြားသူများကို  ခေါ်ယူခြိမ်းခြောက်မှုများ အဆက်မပြတ် ပြုလုပ်နေသလို တစ်ဘက်မှာလည်း စစ်လက်နက်အင်အားများအဆမတန်တိုးမြှင့်လာနေမှုများကို တွေ့ရှိနေရသည်ဟု ဦးခိုင်သုခက ပြောဆိုလိုက်သည်။

“စစ်ရေးအရ ထိပ်တိုက်တွေ့တာတွေရှိတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့က ဒီကိစ္စတွေကို ကြားခံတွေကနေ တစ်ဆင့် ညှိနှိုင်းနေတာတွေရှိပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ ပြောပလောက်အောင်တော့ ခရီးမရောက်ဘူး။ ပြောရရင်တော့ ညှိနှိုင်းလို့မရတဲ့အခြေအနေရှိနေတယ်လို့ အကြမ်းအားဖြင့်ပြောလို့ရတယ်”ဟု ဆိုသည်။

တိုက်ပွဲဖြစ်၊ မဖြစ်မှာမှာ စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာလျှင် အချိန်မရွေးဖြစ်လာနိုင်သည်ဟုလည်း ဦးခိုင်သုခက ပြောသည်။

“စစ်ကောင်စီဖက်က ဖိနှိပ်မှုတွေများလာမယ်၊ ထိုးစစ်ဆင်လာမယ့်အခြေအနေမျိုးဖြစ်လာနေတယ်ဆိုရင် ကျွန်တော်တို့ အခုထက်ဆိုးဝါးတဲ့ အခြေအနေတစ်ခုကို ရောက်သွားနိုင်တယ်”ဟု ဆိုသည်။

ယင်းအပြင် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီဘက်က စစ်အင်အားများတိုးချဲ့လာနေသလို ရက္ခိုင့်တပ်တော်(AA)ဘက်ကလည်း တိုက်ပွဲဝင်နိုင်ရေးအတွက် အဆင်အသင့်ပြုလုပ်ထားသည်ဟု ပြောသည်။

https://www.facebook.com/narinjara.info/posts/5551699198175445

Leave a Reply

Your email address will not be published.