ရခိုင်က စစ်ဘေးရှောင်တစ်ချို့ ဝမ်းရောဂါများ ဖြစ်ပွါးနေ

By Western News/ 2022 June 10

ရခိုင်က စစ်ဘေး‌ရှောင်စခန်းတစ်ချို့မှာ သောက်သုံးရေးမသန့်ရှင်းမှုကြောင့် စစ်ဘေးရှောင်များမှာ ဝမ်းရောဂါ ဖြစ်ပွါးမှုများရှိနေသည်ဟု စခန်းတာဝန်ခံများထံမှ သိရသည်။

ရခိုင်ပြည်နယ် ပုဏ္ဏာကျွန်းမြို့နယ်တွင်ရှိသည့် စက်မှုဇုန်ကယ်ဆယ်ရေးစစ်ဘေးရှောင်စခန်းတွင် ပြီးခဲ့သည့် မေလအတွင်းက စခန်းတာဝန်ခံအပါအဝင် စစ်ဘေးရှောင် ၅၀ နီးပါး ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွါးမှုရှိခဲ့သည်ဟု  စခန်းတာဝန်ခံ ဦးဝင်းမောင်မှ Western News ကိုပြောသည်။

“ကျွန်တော်တို့ စခန်းမှာ ရေပြဿနာကြောင့် တော်တော်ဒုက္ခများနေကြတယ်။ ရေကန်တွေကနေ ရွံ့ရေတွေကို ခပ်ပြီးသောက်သုံးနေရတဲ့အခြေအနေ ဖြစ်နေတယ်။ ပြီးခဲ့တဲ့ (၅) လပိုင်းက ဆို ကျွန်တော်အပါအဝင် ကလေး လူကြီး (၅၀) ဝန်းကျင် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ကြတယ်။ အဲဒီထဲက တစ်ယောက်ဆို အခြေအနေ မကောင်းလို့‌ ဆေးရုံတောင်တင်လိုက်ရတယ်။ ဆေးရုံကို အမြန်ရောက်လို့ နောက်ကျရင် သေသွားနိုင်တယ်” ဟုပြောသည်။

စက်မှုဇုန်ကယ်ဆယ်ရေးစစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေကြောင့် ယခုလို ဝမ်းရောဂါဖြစ်ပွါးမှုများ ရှိနေသော်လည်း မသန့်ရှင်းသည့် ရေများကိုသာ ထပ်မံသောက်သုံးနေရသည်ဟု စစ်ဘေးရှောင်များက ဆိုသည်။

ထို့အတူ လူဦးရေ (၃၀၀၀) ကျော်နေထိုင်နေသည့် ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင်လည်း မသန့်ရှင်းသည့် ရေများကို သုံးစွဲ သောက်သုံးနေရ၍ မကြာမီမှာ ဝမ်းရောဂါ ဖြစ်ပွါးလာမည်ကို စိုးရိမ်ရသည့် အခြေအနေမှာ ရှိနေသည်ဟု စခန်းတာဝန်ခံ  ဦးသိန်းအေးက ပြောသည်။

“အခုကမိုးစပြီးရွာစဆိုတော့ ကမ်းပါးတွေက ကျလာတဲ့ ရေတွေကြောင့် ရေကန်တွေမှာ ရေတွေက နောက်နေတယ်။ ရေတွေက မကြည်ဘူး။ သန့်လည်းမသန့်ဘူး။ အခုက အဲဒီရေတွေပဲ သောက်နေရတယ်။ ရာသီအကူးအပြောင်းဆိုတော့ ကျန်းမာရေးဆိုးကျိုးတွေရှိတယ်လေ။ လက်ရှိမှာ ဝမ်းရောဂါဖြစ်ပွါးသူမရှိသေးပေမယ့် ဒီရေတွေကြောင့် ဖြစ်လာမှာကို စိုးရိမ်ရတဲ့အနေအထားမှာရှိနေတယ်” ဟုပြောသည်။

လက်ရှိ ရခိုင်တွင် မိုးပုံမှန်ရွာသွန်းမှုမရှိသေးသည့်အတွက် ရေတွင်း ရေကန်များတွင် ရေများ နောက်နေမှုကြောင့် သောက်သုံးရေ အဆင်မပြေမှုများရှိနေကြခြင်းဖြစ်သည်။

ထို့ကြောင့် ယခုလို မိုးပုံမှန်မရွာသွန်းသေးမီ တစ်လနီးပါး သောက်သုံးရန် သောက်သုံးရေများ လိုအပ်နေသည့်အတွက် စစ်ဘေးရှောင်များက အလှူရှင်များအား မျှော်လင့်နေကြသည်။

ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတစ်ချို့တွင်  ကျန်းမာရေးစောင့်ရှောက်မှု ဆေးပေးခန်းအချို့ရှိသော်လည်း ဆေးဝါး မလုံလောက်သည့်အပြင် ဆေးအကူဝန်ထမ်းနှင့် သူနာပြုဆရာမများ မရှိသည်နှင့် ရင်ဆိုင်နေရသည်။

ရခိုင်တွင် လက်ရှိအချိန်အထိ မိမိတို့နေရပ်များအား မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ (၆) သောင်းကျော်အထိ ရှိနေသေးသည်။

https://www.facebook.com/westernnewsagency/posts/540236007782908

Leave a Reply

Your email address will not be published.