ရခိုင့်တော်လှန်ရေး စာမျက်နှာထဲက ဇွန် ၄ ရက်

By Development Media Group (DMG)/ 2022 June 04

ငွေရောင်မိုးစက်တို့ တဖွေးဖွေးကျရောက်နေသည့် နံနက်ခင်းမှာ တမျိုးတဖုံ လွမ်းမောဖွယ်ရှိလှသည်။ ယနေ့(ဇွန်လ ၄ ရက်)သည် ရခိုင်အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးနှင့်ပတ်သက်ပြီး သမိုင်းတွင် မှတ်တမ်းဝင်နေသည့် နေ့တစ်နေ့လည်းဖြစ်နေသည်။ ယင်းကြောင့် ဝါရင့်ရခိုင့်တော်လှန်ရေးသမားများက ဇွန်လ ၄ ရက်နေ့ကိုရောက်တိုင်း အကြောင်းအရာတစ်ခုခုကို လွမ်းဆွတ်သတိရ တမ်းတနေတတ်ကြသည်။

“သူ့မှာက သူရဲကောင်းစိတ်ဓာတ်ရှိတယ်။ ရခိုင်အမျိုးသားတွေ နှစ်ပေါင်းများစွာ ဒုက္ခရောက်နေတာကို ပြန်လည်သာသာယာယာ ဖြစ်စေချင်တဲ့ ဆန္ဒပြင်းပြပြီးတော့ တိုင်းပြည်ကို ကယ်တင်ချင်တယ်။ ဒါကြောင့်အသက်စွန့်ပြီး တော်လှန်ရေးလုပ်ခဲ့တယ်”ဟု ဝါရင့်ရခိုင့်တော်လှန်ရေးသမားကြီးတစ်ဦးဖြစ်သူ ခိုင်ရဲခိုင်က ပြောပြသည်။

ခိုင်ရဲခိုင် ညွှန်းဆိုသည့် “သူ”ဆိုသည်မှာ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALA)ကိုထူထောင်ခဲ့သူ ဗိုလ်မှူး ခိုင်မိုးလင်းပင်ဖြစ်သည်။ ခိုင်ရဲခိုင်သည် လက်ရှိတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ဥက္ကဋ္ဌဖြစ်ပြီး ယခင်နှစ်ပေါင်း ၄၀ ကျော်က သူနှင့်အတူ တော်လှန်ရေးခရီးကြမ်းကို ဖြတ်သန်းခဲ့သည့် ခိုင်မိုးလင်းကို သတိရနေခြင်းဖြစ်သည်။

သူနှင့် စိတ်တူ၊ ကိုယ်တူ၊ ဘဝတူ တော်လှန်ရေးလမ်းကို တစ်ခရီးတည်းသွားခဲ့ပြီး ရင်းနှီးကျွမ်းဝင်ခဲ့သည့် ခိုင်မိုးလင်းဆိုသူ ကျဆုံးသွားသည်မှာ ယနေ့ ၂၀၂၂ ဇွန်လ ၄ ရက်နေ့သည် ၄၅ နှစ်အချိန်ထိ ကြာမြင့်လာပြီဖြစ်သော်လည်း သမိုင်းမှတ်တမ်းများက ဝိုးတဝါးကျန်နေသေးသည်။

ရခိုင်တို့၏ တော်လှန်ရေးအစပိုင်း

ယခင်က လွတ်လပ်သော ရက္ခိုင့်ဘုရင့်နိုင်ငံတော်သည် ၁၇၈၄ ခုနှစ်တွင် ဗမာဘုရင်ဘိုးတော်ဘုရား၏ ကျူးကျော်သိမ်းပိုက်ပြီး နောက်ပိုင်းမှစ၍ ဗမာအုပ်ချုပ်မှုအတွင်းသို့ စတင်ကျရောက်ခဲ့ချိန်မှစပြီး လွတ်လပ်ရေးရပြီးနောက်နှင့် ယခုအချိန်ထိ ဗမာအစိုးရ၏ ဗဟိုချုပ်ကိုင်မှုစနစ်ကိုမနှစ်သက်မှုကြောင့် ရခိုင်တို့က တော်လှန်လာကြသည်။

လွတ်လပ်ရေးရပြီးချိန်တွင် ကွန်မြူနစ်ပါတီ၊ အလံနီ သခင်စိုး၊ အလံဖြူ သခင်သန်းထွန်း၊ ဆရာတော် ဦးစိန္တာ၊ ဦးထွန်းရွှေမောင်၊ ဆရာစံကျော်ထွန်း(AIA)၊ NUPA၊ ရခိုင်ပြည်ကွန်မြူနစ်ပါတီ ဦးကျော်ဇံရွှီနှင့် ဗိုလ်မှူးမောင်ဟန်တို့လည်း ပါဝင်သည်။

ရခိုင်လူမျိုးတို့သည် တော်လှန်ရေးရေစီးကြောင်းအတိုင်း ရွှေ့လျားကာ ခေတ်အဆက်ဆက် ဗမာအစိုးရကိုတော်လှန်ပြီး သီးခြားလွတ်လပ်သည့် ရခိုင့်နိုင်ငံထူထောင်မည်ဟုစိတ်ကူးဖြင့် တော်လှန်ခဲ့သူ ထင်ရှားသည့် ခေါင်းဆောင်ကြီးများထဲတွင် ခိုင်မိုးလင်းလည်း တစ်ဦးအပါအဝင်ဖြစ်သည်။

ခိုင်မိုးလင်းဆိုတာ ဘယ်သူလဲ

ဗိုလ်မှူး ခိုင်မိုးလင်း၏ အမည်ရင်းမှာ ထွန်းစိန်လှဖြစ်ပြီး ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ အဝဒါကျေးရွာမှ ဦးမောင်ဖြူသီးနှင့်ဒေါ်လှညွန့်ဦးတို့က ၁၉၃၄ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် မွေးဖွားခဲ့သည့် သား ၃ ဦး၊ သမီး ၃ ဦးအနက်မှ ဒုတိယမြောက်သားဖြစ်သည်။

အတန်းပညာကို အဝဒါကျေးရွာမူလတန်းကျောင်း၊ ပုဏ္ဏားကျွန်းမြို့နယ် သြရမဘုန်းကြီးကျောင်းနှင့် ရသေ့တောင် လေးကန်ဘုန်းတော်ကြီးကျောင်းတို့တွင် သာသာရေးစာပေများ သင်ကြားခဲ့သည်။ ယင်းနောက် ရန်ကုန်ကိုသွားရာက်ကာ ရသေ့တောင် ပြားချောင်ကြီးကျေးရွာမှ ငညိုလှဆိုသည့် ဆရာတော်၏ ဘုန်းကြီးကျောင်းမှနေကာ အလယ်တန်းပညာကိုသင်ကြားခဲ့ပြီး ၈ တန်း အစိုးရစစ်စာမေးပွဲကို အောင်မြင်ခဲ့သည်။

မဆလခေတ် ပြည်သူ့ပစ္စည်းကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (ပပက)အဖွဲ့တွင် လုပ်ကိုင်ပြီးနောက် မြန်မာ့ရေတပ်သို့ ဝင်ရောက်ခဲ့သည်။

သို့သော်လည်း ၁၉၆၅ ခုနှစ်မှစတင်ကာ နိုင်ငံရေးကို စိတ်ဝင်စားသည့်အတွက်ကြောင့် ရန်ကုန်တွင် သူ၏ငယ်ဆရာများဖြစ်ကြသော ခိုင်စိုးနိုင်၊ ခိုင်ဘကျော်တို့၏ဦးဆောင်မှုဖြင့် နိုင်ငံရေးနယ်ပယ်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ALP ခေါင်းဆောင်များကပြောသည်။

ခိုင်မိုးလင်းနှင့် လက်နက်ကိုင်တော်လှန်ရေး

ခိုင်မိုးလင်းသည် မူလက ထွန်းစိန်လှအမည်ဖြင့် မြေအောက် လျှို့ဝှက်တော်လှန်ရေးလုပ်ငန်းစဉ်များကို ဖွဲ့စည်းကာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(Arakan Liberation Party) ALP ကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အနောက်အုတ်ကျင်းရှိ သိပ္ပမဉ္ဇူ ဘုန်းတော်ကြီးကျောင်းတွင် ၁၉၆၇ ခုနှစ် ဧပြီလ(၉) ရက်နေ့တွင် လျှို့ဝှက်စတင်ဖွဲ့စည်းခဲ့ကြသည်။

စတင်ဖွဲ့စည်းစဉ်က ရန်ကုန်ရှိ ရခိုင်မျိုးချစ်လူငယ်များ၊ ရဟန်းပျိုများ၊ ရခိုင်အလုပ်သမားများ နိုင်ငံရေးစိတ်ဝင်စားသူတို့ပါဝင်သော ဗဟိုကော်မတီဝင် (၁၁)ဦးထဲတွင် ဥက္ကဋ္ဌတာဝန်ကို ခိုင်ပြည်သိမ်းနှင့် အထွေထွေအတွင်းရေးမှူး တာဝန်ကို ခိုင်စိုးနိုင်အပြင် စစ်ရေးတာဝန်ခံအဖြစ် ခိုင်မိုးလင်းက တာဝန်ယူခဲ့ကြသည်။

ထိုအထဲမှ ခိုင်မိုးလင်းနှင့် လူငယ်အချို့သည် ဗမာ့တပ်မတော် သံလျင်ရေတပ်စခန်း၌ လျို့ဝှက်စွာဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းသို့ ရေတပ်သို့ဝင်ရောက်ရခြင်းမှာလည်း ဗမာစစ်တပ်၏ အတွင်းရေးနှင့် စစ်ပညာ မဟာဗျူဟာတတ်မြောက်ရန်တို့ အပါအဝင် လက်နက်ခဲယမ်းများရယူရန် ရည်မှန်းချက်လည်းပါဝင်ကြောင်း သိရသည်။

“မြန်မာ့ရေတပ်ထဲမှာ ရခိုင့်တော်လှန်ရေးအတွက် လေ့လာစရာတွေ၊ သင်တန်းတွေ၊ စစ်ပညာအတွေ့အကြုံတွေ ဖွဲ့စည်းပုံတွေကို သွားရောက်လေ့လာတဲ့ သဘော။ ရာထူးအာဏာကိုမက်ပြီး ဝင်လုပ်တာမဟုတ်ဘူး”ဟု လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ခိုင်ရဲခိုင်က ရှင်းပြသည်။

ထိုသို့ ခိုင်မိုးလင်းနှင့် လျို့ဝှက်အဖွဲ့သည် ၁၉၆၈ ခုနှစ် နိုဝင်ဘာလတွင် စစ်တွေ၊ ကြက်ကိုင်းတန် ခလရ ၂၀ လက်အောက်ခံ ဝါဘိုစခန်းက လက်နက်များကိုခိုးထုတ်ကာ မြောက်ဦးမြို့နယ်တွင် တပ်စခန်းချပြီး တော်လှန်ရေးလှုပ်ရှားမည်ဟု စိတ်ကူးရှိခဲ့ကြသည်။ သို့သော်လည်း အစီအစဉ်မစတင်မီ ၂ နာရီအလိုတွင် ၎င်းတို့အုပ်စုထဲမှ ရဲထွန်းဆိုသူ၏သစ္စာဖောက်မှုကြောင့် သတင်းပေါက်ကြားမှုတွင် ခေါင်းဆောင်များ အဖမ်းခံလိုက်ရသည်။

“ကျနော်တို့က စစ်တွေ ကြက်ကိုင်းတန်စစ်တပ်က လက်နက်ခဲယမ်းစောင့်တဲ့ ဂိုဒေါင်မှာ ကျနော်တို့လူတွေရှိတယ်။ အဲဒီကနေ လက်နက်တွေယူပြီးတော့ သွားမယ်လို့စီစဉ်ထားတာ”ဟု ခိုင်စိုးနိုင်အောင်က ယခင်ကပြိုပျက်သွားသည့် တော်လှန်ရေးအစီအစဉ်တို့ကို ရှင်းပြသည်။ ခိုင်စိုးနိုင်အောင်နှင့် ခိုင်မိုးလင်းတို့သည် အချိန်ကြာမြင့်စွာ အတူနေထိုင်ရင်း ရခိုင့်တော်လှန်ရေးကို ဟန်ချက်ညီညီ လက်တွဲလာသူများဖြစ်သည်။

ယင်းကိစ္စနှင့်ဆက်စပ်နေမှုကြောင့် သံလျင်ရေတပ်တွင်ရှိနေသည့် ခိုင်မိုးလင်းအပါအဝင် ခိုင်ရဲခိုင်နှင့် ခေါင်းဆောင် ၉ ဦး အဖမ်းခံခဲ့ရပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရသဖြင့် ၎င်းတို့၏ ရခိုင်ပြည်တော်လှန်ရေးခရီးလမ်း လှုပ်ရှားမှုမှာ ခဏရပ်ဆိုင်းသွားခဲ့ရသည်။

၁၉၇၂ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် အစိုးရလွတ်ငြိမ်းချမ်းသာမှုဖြင့် ခေါင်းဆောင်များ အသီးသီးပြန်လည်လွတ်မြောက်လာပြီးနောက် ခိုင်မိုးလင်းသည် ဇာတိအဝဒါကျေးရွာတွင် စပါးရောင်းဝယ်ခြင်း၊ ကုန်အရောင်းအဝယ်တို့လုပ်ကိုင်ခဲ့ကြောင်း မိသားစုဝင်များကပြောသည်။

“ထောင်ကလွတ်လာတော့ သူ့မှာ စာအုပ်သုံးသေတ္တာလောက်နဲ့ ရောက်လာတာ။ နိုင်ငံရေးစာအုပ်တွေ သပ်သပ်ပါတယ်”ဟု ခိုင်မိုးလင်း၏ အစ်မသားလည်းဖြစ် ခိုင်မိုးလင်းနှင့်ကစားဖော်တစ်ဦးလည်းဖြစ်သူ လက်ရှိ အသက် ၇၅ နှစ်အရွယ် အဝဒါရွာသား ဦးထွန်းဦးဖြူက ပြောပြသည်။

ယင်းအပြင် ဦးထွန်းဦးဖြူက “အမှတ်တရကတော့ ငယ်ငယ်ကတည်းက စစ်တိုက်တမ်းပဲကစားတယ်။ ရွာသားတစ်ဖက် သူတစ်ဖက်နေတယ်။ အရှုံး လုံးဝမပေးဘူး။ ကြိုးစားလိုစိတ် မဟုတ်မခံစိတ်ရှိတယ်”ဟု သူ၏ငယ်ဘဝကို ရှင်းပြသည်။

ယင်းနောက် ကျေးရွာအနီးနားရှိ ထွန်းရဝေကျေးရွာသူတစ်ဦးနှင့် အိမ်ထောင်ကျခဲ့သော်လည်း သားသမီးမထွန်းကားခဲ့ပေ။ နောက်ထပ်တော်လှန်ရေးလုပ်ငန်းထဲလုပ်ရန် ရွာမှထွက်ခွာသွားပြီးနောက်ပိုင်းတွင် ဇနီးဖြစ်သူလည်း နောက်အိမ်ထောင်ပြုလိုက်သောကြောင့် ခိုင်မိုးလင်းတွင် မျိုးဆက်မရှိခဲ့ပေ။

တော်လှန်ရေးစိတ်ပြင်းပြတတ်သည့် ခိုင်မိုးလင်းသည် ထောင်ကလွတ်လာပြီးနောက် မိမိမွေးရပ်တွင်မပျော်ပိုက်နိုင်ဘဲ ၁၉၇၃ တွင် ထပ်မံ၍ KNU လွတ်မြောက်နယ်မြေသို့သွားရောက်ပြီး ခိုင်ပြည်သိမ်းနှင့်အဆက်အသွယ်လုပ်ကာ တော်လှန်ရေးခရီးလမ်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းသည်။

ထို့အတူ ခေါင်းဆောင်တစ်ဦးဖြစ်သူ ခိုင်စိုးနိုင်အာင်သည်လည်း ပြည်မထဲမှနေ၍ ခိုင်မိုးလင်းတို့ရှိရာ KNU ဝမ့်ခစခန်းသို့ သွားရောက်ပူးပေါင်းသွားကြသဖြင့် တဖန်အင်အားရှိလာသည်။

“အခက်အခဲကတော့ အများကြီးပဲ။ မီးသွေးဖုတ်တယ်၊ ခိုင်မိုးလင်းက ဆေးထိုးတယ်။ ဆေးပညာတတ်တယ်။ အဖွဲ့လည်ပတ်ဖို့အတွက် အလုပ်မျိုးစုံလုပ်တယ်ပေါ့”ဟု ခိုင်မိုးလင်းနှင့်အတူ ဖြတ်သန်းခဲ့သော တော်လှန်ရေးကာလ ကြမ်းတမ်းခဲ့ပုံကို ခိုင်စိုးနိုင်အောင်က ရှင်းပြသည်။

၎င်းတို့အဖွဲ့သည် ကော်မူးရာနယ်မြေတွင် KNU ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်ကြီး စောဗိုလ်မြက ရခိုင်တော်လှန်ရေးအတွက် ကူညီရန်သဘောတူခဲ့သည်။ ထို့ကြောင့် ၁၉၇၄ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALA)ကို ခိုင်မိုးလင်းက ဦးဆောင်တည်ထောင်ခဲ့ပြီး စစ်ဦးစီးချုပ်နှင့် ဥက္ကဋ္ဌ တာဝန်တို့ကိုယူခဲ့သည်။ သူနှင့်အတူ ခေါင်းဆောင်ပိုင်းတွင် ဒု-ဥက္ကဋ္ဌ ခိုင်ရဲခိုင်၊ ခိုင်စိုးနိုင်အောင်တို့နှင့်အတူ အခြားသူများပါဝင်သေးသည်။

ယင်းအပြင် KNU က မဟာမိတ်အဖြစ် ခိုင်မိုးလင်းတို့အဖွဲ့အား တပ်ရင်းတစ်ရင်းစာ လက်နက်များထုတ်ပေးကာ ၎င်းတို့နှင့်အတူ တပ်ဖွဲ့ဝင်များမှာလည်း ၃ နှစ်နီးပါး တိုက်ပွဲဝင်ရင်း စစ်ရေးအတွေ့အကြုံရယူခဲ့ကြသည်။

ခိုင်မိုးလင်းသည် စာဖတ်ဝါသနာပါပြီး ချေဂွေးဘားရား၊ ကျူးဘားခေါင်းဆောင် ကတ်စထရိုညီနောင်၊ ဗီယက်နာမ် ဟိုချီမင်း၊ အိန္ဒိယ ဂန္ဓီ စသည့်ကမ္ဘာကျော်တော်လှန်ရေးခေါင်းဆောင်တို့၏ အကြောင်းများကိုဖတ်မှတ်ကာ ရခိုင်တော်လှန်ရေးကို လေ့လာခဲ့ကြောင်းလည်း လုပ်ဖော်ကိုင်ဖက်များကဆိုသည်။

၁၉၇၆ ခုနှစ်တွင် ALA သည် စစ်ရေးနိုင်ငံရေးအတွေ့အကြုံများနှင့်အတူ တပ်ဖွဲ့အင်အား ၁၂၀ တို့အား လက်နက်ခဲယမ်းမီးကျောက် အပြည့်အစုံတပ်ဆင်နိုင်လာခဲ့သည်။ ယင်းမှာလည်း ခိုင်မိုးလင်း၏ သတ္တိရှိပြီးခေါင်းဆောင်ပီသမှု၊ စစ်ရေးအရ တိုက်ရည်ခိုက်ရည်ရှိမှု၊ ရဲရင့်ပြတ်သားစွာ ဦးဆောင်မှုပေးနိုင်ခြင်းတို့ကြောင့်ဖြစ်သည်။

အိမ်ပြန် ခရီးရှည်

ခိုင်မိုးလင်းနှင့် ALA ရဲဖော်များ ဦးဆောင်သည့်အဖွဲ့သည် အင်အား အသင့်အတင့်စုဆောင်းမိသည်နှင့် အနောက်ဘက် ရခိုင်တွင် အခြေစိုက်လှုပ်ရှားရန် ဆုံးဖြတ်လိုက်ကြသည်။ ယင်းကြောင့် ကရင်ပြည်မှ ရခိုင်ပြည်သို့ မိုင် ၂၀၀၀ ကျော်ဝေးကွာသော ခရီးကို ၁၉၇၆ ခုနှစ် ဇွန်လနောက်ဆုံးအပတ်တွင် ခိုင်မိုးလင်း၊ ခိုင်ဘကျော်၊ ခိုင်ရဲခိုင်နှင့် ခိုင်နီလင်းတို့ဦးဆောင်ပြီး အင်အား (၁၂၀)ကျော်တို့က “မိုးလင်းရာဇာစစ်ကြောင်း” ဟုအမည်ပေးကာ ရခိုင်သို့ထွက်ခွာရန် စတင်တော့သည်။

“ရခိုင်ပြည်ကို ပြန်မယ်။ ရခိုင်မှာတိုက်မယ်။ မပြန်ရဲတဲ့သူတွေကျန်နေခဲလို့ ခိုင်မိုးလင်းကပြောတော့ ရဲဖော်တွေထဲက နေမကောင်းတဲ့သူတွေတောင် နေကောင်းသွားကြတယ်။ အားလုံးက တက်ကြွစွာနဲ့ အားရှိသွားကြတာကိုမြင်ရတယ်”ဟု ခိုင်စိုးနိုင်အောင်က ယင်းအချိန်က အိမ်ပြန်ခရီး ဆုံးဖြတ်ချက်အတွေ့အကြုံကို ပြောပြသည်။

ထိုမိုးလင်းရာဇာစစ်ကြောင်းသည် မဟာမိတ် ကရင်ပြည်၊ ကရင်နီပြည်၊ ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းမြောက်၊ ကချင်၊ ချင်းတွင်းမြစ်၊ နာဂတောင်တန်း စသည့်တောတောင်အထပ်ထပ်ကို ဖြတ်ကျော်ခရီးနှင်လာပြီးနောက် ၁၉၇၇ ခုနှစ် ဖေဖော်ဝါရီလတွင် ချင်းပြည်သို့ရောက်ကြောင်း ခိုင်စိုးနိုင်အောင်ကရှင်းပြသည်။

ထိုစစ်ကြောင်းနှင့်အတူ ချင်းတော်လှန်ရေးတည်ထောင်ရန်အတွက် ရေတပ်ကထွက်လာသည့် ဗိုလ်မှူး ဝီလျံနှင့် ၁၃ ဦးတို့လည်းပါဝင်သည်။ ယင်းကြောင့် ချင်းပြည်သို့ရောက်ခါစတွင် ဘာသာစကားအရ ဝယ်ယူစားသောက်ခြင်းကအစ လွယ်ကူစေသည်။ သို့သော်လည်း ဗိုလ်မှူးဝီလျံတို့ ကျဆုံးသွားပြီးနောက် ရပ်တည်ရေးပိုမိုခက်ခဲ့လာခဲ့ပြီး ဒေသခံတို့က အယုံအကြည်မဲ့လာကာ သံသယများမှ တဆင့် ဗမာစစ်တပ်က သိရှိသွားခဲ့သည်။

ဤသို့ဖြင့် ချင်းတောင်တန်းပေါ်တွင် ခိုင်မိုးလင်းတို့အဖွဲ့နှင့် ဗမာစစ်တပ်အကြားတွင် တိုက်ပွဲကြီးငယ်ပေါင်း ၇၀ ကျော် ဖြစ်ပွားလာသဖြင့် စစ်ကြောင်းမှာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲလာခဲ့သည်။ မဆလအစိုးရဘက်ကလည်း မိုးလင်းရာဇာစစ်ကြောင်းကို ဖြိုခွင်းနိုင်ရေးအတွက် “မြရတနာစစ်ဆင်ရေး” ဟု အမည်ပေးကာ အင်အား (၆၀၀၀)ကျော် ထုတ်သုံးတိုက်ခိုက်ခဲ့သည်ဟု ALP ခေါင်းဆောင်များကဆိုသည်။

တိုက်ပွဲတာရှည်လာသဖြင့် ရခိုင်ရဲဘော်များမှာ လက်နက်အင်အား၊ လူအင်အားမမျှခြင်း၊ နယ်မြေဒေသမကျွမ်းကျင်ခြင်း၊ လက်နက်ခဲယမ်းနှင့်ရိက္ခာများ ကုန်ဆုံးလာခြင်း စသည်တို့ကြောင့် စစ်ကြောင်းတစ်ခုလုံးဖရိုဖရဲဖြစ်ကာ ဗမာစစ်တပ်၏ သတ်ကွင်းထဲသို့ကျရောက်ခဲ့ကြရတော့သည်။

၁၉၇၇ ခုနှစ် ဇွန်လ ၄ ရက် နောက်ဆုံးတွင် ချင်းပြည်နယ် တွန်းဇံမြို့နယ်၌ ဗမာစစ်တပ်က ဝိုင်းရံပိတ်ဆို့ထားပြီး ခိုင်မိုးလင်းအား လက်နက်ချရန်ပြောဆိုသော်လည်း ရန်သူ့ထံမှာ လုံးဝလက်နက်မချရန် ရဲဘော်များကိုအမိန့်ပေးခဲ့ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြောင်း ပြောဆိုကြသည်။

“ရန်သူတွေ ဝိုင်းရံထားတဲ့ထဲက သူအပါအဝင် တပ်မှူး ၄ ယောက်၊ ဆေးမှူး ၂ ယောက်နဲ့ဖောက်ထွက်ပြီးတော့ တွန်းဇံကြိုးတံတားကိုကူးမယ်ဆိုပြီးတော့ သွားတာ။ အဲဒီကြိုးတံတားမှာ ရန်သူက အထပ်ထပ်ကာထားပြီးတော့ လက်နက်ချဖို့ခိုင်းတယ်။ သူကတော့ လက်နက်မချဘူး။ ကိုယ့်ဟာကိုယ်လုပ်ကြံပြီးတော့ သေသွားတယ်”ဟု ခိုင်မိုးလင်း၏ နောက်ဆုံးနေ့ရက်ကို ခိုင်စိုးနိုင်အောင်က ပြောပြနေသည်။

ယင်းကြောင့် ခိုင်မိုးလင်းသည် ရခိုင့်လက်နက်ကိုင်တော်လှန်ရေးကို ၁၉၆၅ ခုနှစ်ကစတင်ပြီး ၁၉၇၇ ခုနှစ် ဇွန်လ (၄)ရက်နေ့အထိ တစိုက်မတ်မတ်လုပ်ကိုင်လာခဲ့ပြီး သူကွယ်လွန်ချိန်တွင် အသက် ၄၃ နှစ်ရှိပြီဖြစ်သည်။

ခိုင်မိုးလင်းစွဲကိုင်ထားသည့် တော်လှန်ရေးသန္ဓိဌာန် (၅)ချက်မှာ (၁) ရခိုင်ပြည်လွတ်လပ်ရေးအတွက် ရခိုင့်တပ်မတော်ကို တည်ထောင်ကြ။ (၂) ရခိုင်ပြည်လွတ်မြောက်ရေးအတွက် အဖိနှိပ်ခံဘဝတူ တော်လှန်ရေးအင်အားစုများနှင့်လက်တွဲကြ။ (၃) ရခိုင်ပြည်လွတ်လပ်ရေးသည် လက်နက်ကိုင်တိုက်ပွဲမှတပါး အခြားနည်းလမ်းမရှိ။ (၄) ရခိုင်ပြည်လွတ်လပ်ရေးသည် ရခိုင်အမျိုးသား စည်းလုံးညီညွတ်မှု၏ လက်ဝယ်တွင်ရှိသည်။ (၅) ရန်သူ့ထံတွင် ဒူးထောက်လက်မြှောက်ခြင်းသည် အဖိနှိပ်ခံပြည်သူများအတွက် ခွင့်မလွှတ်နိုင်သောရာဇဝတ်မှုကို ကျူးလွန်ရာရောက်သည်ဟူ၍ ဖြစ်သည်။

ယင်းသို့ မိုးလင်းရာဇာစစ်ကြောင်းဖြိုခွင်းခံရမှုတွင် ဗမာစစ်တပ်ထံ ဖမ်းဆီးခံရသူ ၅၂ ဦးရှိပြီး ၎င်းတို့အားလုံးကို စစ်ကိုင်းတိုင်းကလေးမြို့အခြေစိုက်တပ်ရင်း ခလရ ၈၉ တပ်ရင်းတွင် ချုပ်နှောင်ကာ စစ်ကြောရေးလုပ်တော့သည်။

ယင်းမှတခါ သူတို့အား နိုင်ငံတော်ပုန်ကုန်မှု ပုဒ်မ- ၁၂၂(၁) အရ စစ်ခုံရုံးဖွဲ့ကာ စွဲချက်တင်စစ်ဆေးခဲ့ပြီးနောက် လက်ရှိ ALP ဥက္ကဋ္ဌ ခိုင်ရဲခိုင်အပါအဝင် ၇ ဦးအား သေဒဏ်ချမှတ်ခဲ့ပြီး ကျန် ၄၅ ယောက်ကိုမူ စစ်ကိုင်းတိုင်း ကလေးအချုပ်ကနေ မန္တလေးထောင်မှာ တရားစီရင်ချက်အရ တသက်တကျွန်းနှင့် နှစ်ရှည်ထောင်ဒဏ် အသီးသီးချမှတ်ခံလိုက်ရသည်။

ယင်းနောက်ပိုင်း ၁၉၈၃ ဦးနေဝင်းလက်ထက် သံဃဂိုဏ်းပေါင်းစုံဖွဲ့စည်းခြင်းအောင်မြင်မှု အထိမ်းအမှတ်အဖြစ် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နှင့်အတူ ခိုင်ရဲခိုင်၊ ခိုင်နီလင်းနှင့် ခိုင်မျိုးမင်း တို့အပါအဝင် ရဲဘော်များလည်း လွတ်မြောက်လာကြသည်။

ထို့အတွက် ရခိုင့်အမျိုးသားလွတ်မြောက်ရေးအတွက် လှုပ်ရှားခဲ့သည့် ခေါင်းဆောင်များတွင် ယခု ခေတ်သစ်တော်လှန်ရေးအထိ သမိုင်းပေးတာဝန်အရ အမျိုးသားတော်လှန်ရေးလုပ်ငန်းကို ကျေပွန်ခဲ့သူများထဲတွင် ခိုင်မိုးလင်းလည်း တစ်ဦးအပါအဝင်ဖြစ်ပေသည်။

ထိုသို့ ခိုင်မိုးလင်းကျဆုံးခဲ့ရသည့်အပေါ် ရခိုင့်အမျိုးသားလွတ်မြောက်ရေးအတွက် လှုပ်ရှားခဲ့သည့်ခေါင်းဆောင်များ၊ လုပ်ဖော်ကိုင်ဖက်များက အာဇာနည် ဟု သတ်မှတ်ဂုဏ်ပြုကာ မှတ်တမ်းတင်ချီးမွှမ်းကြပြီး ယနေ့အထိ လွမ်းတသသရှိနေကြဆဲဖြစ်သည်။

“သူဟာ ဗမာလက်အောက်ကလွတ်မြောက်ရမယ်ဆိုတဲ့ အသိစိတ်၊ နိုင်ငံရေးတာဝန်အပေါ် ကျေပွန်ခဲ့တဲ့ ရခိုင်သူရဲကောင်းတစ်ယောက်ဖြစ်တယ်။ နောက်ပြီး ရန်သူအပေါ်မှာ ဒူးမထောက်လက်မမြှောက်ပဲ ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားတဲ့ ရှားရှားပါးပါး ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်”ဟု ခိုင်မိုးလင်း ကျဆုံးသွားခြင်းနဲ့ပတ်သက်ပြီး NUPA/AA ဥက္ကဌဟောင်းလည်းဖြစ်၊ ဝါရင့် လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်တစ်ဦးလည်းဖြစ်ခဲ့သူ ခိုင်မြဝါက မှတ်ချပေးသည်။

ဗိုလ်မှူး ခိုင်မိုးလင်း ကောင်းရာဘုံဘဝကို ရောက်ပါစေ။

ဂေါင် – ရေးသည်

https://www.facebook.com/dmgnewsagency/posts/2309485462537185

Leave a Reply

Your email address will not be published.