By Boder News Agency (BNA) / 2022 June 14

ရက္ခိုင်တပ်တော်(ULA/AA)ရဲ့ ဇွန်လ ၁၄ရက်၊ဒီနေ့ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်း လင်းပွဲမှာ မေးခွန်းတွေကို ရှင်းလင်းပြတ်သားစွာပြန်လည်ဖြေကြားမှု မရှိဖြစ်လာတယ်လို့ ဝေဖန်ခံနေရပါတယ်။
အဲဒီသတင်းစာရှင်းလင်းပွဲမှာ တစ်ဦးကိုကြိုတင် မေးခွန်းနှစ်ခုမေးခွင့်ပြု ထားပြီးတော့ ထပ်ဆင့်မေး ခွန်းတစ်ခုစီကို မေးခွင့်ရပါတယ်။
အဲဒီမေးခွန်းတွေကို ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား ဖြေကြားတာတွေ မရှိတဲ့အတွက် လိုချင်တဲ့အဖြေကိုမရဘဲ စစ်ကောင်စီရဲ့သတင်းစာရှင်းလင်းပွဲနဲ့ ထူးမခြားနားဖြစ်လာနေတယ်လို့ ရခိုင်အခြေစိုက် သတင်းထောက်တွေက ဝေဖန်ထောက်ပြကြပါတယ်။
“တချို့သတင်းထောက်တွေမေးတဲ့မေးခွန်းတွေကို ရေရေရာရာဖြေတာတွေ မတွေ့ရဘူး။သူတို့ဖက်က ဒီမေးခွန်းတွေကို အတိအကျပြောဖို့မရှိသေးဘူးဆိုတဲ့ အဖြေကို ပြောတာကိုပဲတွေ့ရတယ်။အဲဒီအတွက် အဖြေကိုသိချင်လို့မေးတဲ့ သတင်းထောက်တွေအနေနဲ့ အဆင်မပြေဖြစ်ရတယ်။”လို့ ရခိုင်အခြေစိုက်အ ကြီးတန်းသတင်းထောက်တစ်ဦးက ပြောပါတယ်။
နောက်ထပ်မေးခွန်းမေးလိုတဲ့သတင်းထောက်တွေကို Whatsappက တဆင့် မေးခွန်းပေးပို့မေးမြန်းနိုင်တယ်လို့ပြောဆိုပေမယ့် ပြန်လည်ဖြေကြားတာ မလုပ်တဲ့မေးခွန်းတွေရှိနေတာမို့ အေအေဆီကသတင်းရယူမှုဟာ ပွင့်လင်း မှုမရှိဘူးလို့လည်း ဆိုကြပါတယ်။
“အဲဒီတော့ AA နဲ့ပတ်သက်လို့ သတင်းတွေကိုရေးတဲ့အခါ သူတို့ဘက်က မဖြေတဲ့အတွက် အခက်အခဲဖြစ်ရတယ်။ဒီဟာကဘာနဲ့တူလည်းဆိုတော့ အရင်တုန်းက ရခိုင်မှာတိုက်ပွဲဖြစ်ခါစ စစ်တပ်ဖက်က ဇော်မင်းထွန်းတို့ကို ဖုန်းဆက်ရင် သူတို့မဖြေချင်လို့ ဖုန်းချပစ်ခဲ့တာတွေနဲ့ သွားတူနေတယ်။”လို့ ဝေဖန်ပြောဆိုပါတယ်။
ဒီတစ်ကြိမ်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ အမေးနဲ့အဖြေ မကိုက်ညီ သလိုဖြေဆိုနေတာတွေဟာလည်း သဘာဝမကျဘူးလို့ ဝေဖန်ပြောဆို ကြပါတယ်။
“မေးခွန်းမေးတဲ့ အကြောင်းအရာတွေနဲ့ တထပ်တည်းမကျတာတွေများ လာတယ်။အဓိကအကြောင်းအရာတွေကို မဖြေနိုင်ဘဲ သူတို့ဖက်က ဖြေကြား နိုင်တဲ့ မေးခွန်းတွေကိုပဲ ဖြေသွားတယ်။သတင်းထောက်တွေအနေနဲ့ ကြိုတင် မေးခွန်းမေးရတာမျိုးမဟုတ်ပဲ သတင်းထောက်တစ်ဦးကို မေးခွန်းဘယ်နှစ်ခု မေးရမယ်ဆိုပြီး သတ်မှတ်ထားသင့်တယ်။”လို့ သတင်း သမားတစ်ဦးက ပြောပါတယ်။
ရက္ခိုင့်တပ်တော်(AA)ရဲ့သတင်းစာရှင်းလင်းပွဲဟာ စစ်ကောင်စီနဲ့ (ULA/AA) ကြားမှာ ဖြစ်ပျက်နေတဲ့ အ ကြောင်းအရာတွေကိုသာပြောပြနေတဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခုလိုဖြစ်နေတယ်လို့လည်း ဆိုကြပါတယ်။
ULA/AAရဲ့လစဉ်သတင်းစာရှင်းလင်းပွဲကို ပြီးခဲ့တဲ့မတ်လနဲ့ ဧပြီလမှာ တစ်ကြိမ်စီပြုလုပ်ခဲ့ပြီး မေလအတွင်းမှာမပြုလုပ်ခဲ့ပါဘူး။အဲဒီနောက် ခုဇွန်လမှာတော့ တတိယအကြိမ်ပြန်လည်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ရက္ခိုင့်တပ်တော်ဟာလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပေမယ့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး ပြည်သူနဲ့မီဒီယာအပေါ် အလေးထားမှုကိုပြသခဲ့တဲ့ အတွက်လူ ထုအားပေးထောက်ခံမှုကိုအတိုင်းအတာတစ်ခုအထိရရှိထားတယ်လို့ လေ့လာစောင့်ကြည့်နေသူတွေက ဆိုပါတယ်။
ရခိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ရက္ခိုင့်တပ်တော်တို့ကြား အာဏာအားပြိုင် မှုတွေပြင်းထန်နေပြီး ULA/AA ဖက်ကတော့ သူတို့ကိုသူတို့ ”ရက္ခိုင့်ပြည်သူ့အ စိုးရ”လို့ သုံးနှုန်းပြောဆိုနေပါတယ်
https://www.facebook.com/permalink.php?story_fbid=174186131690368&id=107469705028678