By Narinjara / 2022 June 11

တောင်ကုတ်မြို့မှ စစ်တွေမြို့သို့ထွက်ခွာလာသော ရွှေပြည်တန် အမြန်ရေယာဉ်သည် တောင်ကုတ်မြို့နယ်ရှိ ကလိန်တောင်ရွာနှင့် င/မုန်းတိုင်းရွာကြားသို့အရောက်တွင် တက်မ ချို့ယွင်းမှုဖြစ်ရာမှ တောင်ကုတ်မြို့သို့ ပြန်လှည့်ခဲ့ရသည်ဟု သိရသည်။
ယနေ့ ဇွန် ၁၁ ရက် နံနက် ရ နာရီကျော်အချိန်ခန့်တွင် အဆိုပါရေယာဉ်မှာ တက်မချို့ယွင်းမှုကြောင့် ပြန်လည်ပြုပြင်နိုင်ရန် ပြန်လှည့်သွားရခြင်း ဖြစ်ကြောင်း ရွှေပြည်တန်အမြန်ရေယာဉ်မှ မန်နေဂျာ ဦးစံမော်သိန်းက ပြောသည်။
“တက်မချလိုက်တဲ့အချိန်မှာ တက်မက အားနည်းချက်တစ်ခုဖြစ်သွားလို့။ ဒီဖက်ကို လာရင် အချိန် နောက်ကျဖို့ကြောက်လို့ တောင်ကုတ်ကို ပြန်လှည့်ဖို့ ပြောလိုက်ပါတယ်။ အားလုံးကိုပြန်ပြင်ပြီးတော့ မနက်ဖြန်မှ ပြန်ထွက်လာပါ”ဟု ဆိုသည်။
ယခုလိုပြန်လှည့်ခဲ့ရသည့်အတွက် စစ်တွေမြို့သို့ လိုက်ပါစီးနင်းလာသည့် ခရီးသည်များမှာ အခက်အခဲများ ဖြစ်သွားကြရသည်ဟု တောင်ကုတ်မှ စစ်တွေမြို့သို့ စီးနင်းလိုက်ပါလာသည့် ခရီးသည်တစ်ဦးက ပြောသည်။
“ကျွန်တော့်မှာ ဧည့်သည်တွေ သုံးလေးယောက်လောက်ခေါ်ထားတာ။ တည်းခိုခန်းတွေ၊ စားသောက်စရိတ်တွေက လွယ်တာမဟုတ်ဘူးလေ။ ပြီးတော့ အလုပ်ကိစ္စ၊ ရုံးကိစ္စနဲ့သွားတဲ့ အခါကျတော့ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်သွားရတာပေါ့”ဟု ဆိုသည်။
ယင်းအပြင် ရွှေပြည်တန်အမြန်ရေယာဉ်အနေဖြင့် ခရီးမထွက်မီအချိန်ကပင် သေသေချာချာ စစ်ဆေးပြီးလုပ်ထားသင့်ကြောင်း၊ ယခုလိုမြစ်ကြီးအထဲသို့ ရောက်ပြီးသည့်အချိန်မှ တစ်ခုခုဖြစ်သွားလျှင် ခရီးသည်အန္တရာယ်အတွက် စိုးရိမ်စရာဖြစ်ကြောင်း အဆိုပါခရီးသည်က ဆိုသည်။
ရွှေပြည်တန်အမြန်ရေယာဉ်မှာ တောင်ကုတ်မှစစ်တွေသို့ အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် စနေနေ့ ၂ ရက်ပြေးဆွဲနေပြီး စစ်တွေမှ တောင်ကုတ်သို့ အင်္ဂါနေ့နှင့် သောကြာနေ့တို့တွင် ပြေးဆွဲလျက်ရှိသည်။
https://www.facebook.com/narinjara.info/posts/5543477218997643