By Western News/ 2022 June 06

ရခိုင်တွင် စပါးအထွက်နှုန်းကောင်းသည့် မျိုးသန့်စပါး မျိုးစေ့ကို ထုတ်လုပ်နေသည့် ဓညဝတီတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးအသင်း မှ ယခုနှစ် စိုက်ပျိုးရာသီတွင် မျိုးစေ့ထုတ် မျိုးသန့်စပါး ဧက ၂၀၀ နီးပါးကို တိုးချဲ့ စိုက်ပျိုးသွားမည်ဟု အဆိုပါ အသင်းမှ သိရသည်။
ဓညဝတီတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးအသင်းအနေနှင့် ပြီးခဲ့သည့် နှစ် စိုက်ပျိုးရာသီတွင် မျိုးစေ့ထုတ် ဧက ၇၀ နီးပါးသာ စိုက်ပျိုးနိုင်ခဲ့သော်လည်း စျေးကွက် လိုအပ်ချက်အရ ယခုနှစ် စိုက်ပျိုးရာသီတွင် မျိုးစေ့ထုတ် ဧက ၂၀၀ နီးပါးအထိ တိုးချဲ့ စိုက်ပျိုးသွားမည်ဟု အသင်းဥက္ကဌ ဦးစိုးနိုင်မှ Western News ကိုပြောသည်။
“ကျွန်တော်တို့ အသင်းကိုမျိုးစေ့ဝယ်ဖို့ ကမ်းလှမ်းတဲ့သူတွေတော်တော်များတယ်။ တစ်ချို့ နိုင်ငံတကာအဖွဲ့အစည်းတွေကနေ ဆင်းရဲတဲ့ လယ်သမားတွေ နဲ့ စစ်ဘေးရှောင် လယ်သမားတွေကို ထောက်ပံ့ဖို့ အသင်းက မျိုးစေ့တွေ ဝယ်ကြတယ်။ မျိုးစေ့ဝယ်ယူမှုအားကောင်းပေမယ့် ကျွန်တော်တို့ ဘက်က လိုသလောက် မပေးနိုင်ခဲ့ဘူး။ ဒါကြောင့် ဒီနှစ်မှာ ဧက ၂၀၀ နီးပါးလောက်အထိ တိုးချဲ့စိုက်ပျိုးဖို့ မျှော်မှန်းထားတယ်”ဟုပြောသည်။
မျိုးသန့်စပါး မျိုးစေ့ထုတ် တစ်ဧက စိုက်ပျိုးမည်ဆိုလျှင် ငွေကျပ် ၇ သိန်းမှ ငွေကျပ် ၈ သိန်းအထိ ကုန်ကျနိုင်ပြီး ဧက ၂၀၀ နီးပါး စိုက်ပျိုးမည် ဆိုလျှင် ငွေကျပ်သိန်းထောင်ချီကုန်ကျနိုင်သည့်အတွက်ကြောင်း အသင်းအတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်နေသည်ဟု ဦးစိုးနိုင်မှ ဆက်ပြောသည်။
“မျိုးစေ့ထုတ်ဖို့ ကုန်ကျငွေပမာဏ ကျွန်တော်တို့မှာရဖို့ အဆင်မပြေသေးဘူး။ ပြည်နယ်အစိုးရအဖွဲ့ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ကူညီပေးနိုင်မလားလို့ ကမ်းလှမ်းတင်ပြထားတယ်။ အသင်းအနေနဲ့တော့ ဖြစ်အောင်လုပ်မယ်လို့ စိတ်ကူးထားတယ်”ဟုပြောသည်။
ဓညဝတီတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး အသင်းအနေနှင့် မျိုးသန့် စပါး မျိုးစေ့ထုတ် စိုက်ပျိုးသည့်လုပ်ငန်းကို မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာ အနီးပတ်ဝန်းကျင်မှာ စိုက်ပျိုးသွားမည်ဖြစ်သည်။
အဆိုပါအသင်းအနေဖြင့် မျိုးသန့်စပါး မျိုးစေ့ထုတ်လုပ်ငန်းကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှစပြီး နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။ အသင်းမှစိုက်ပျိုးရရှိလာသည့်မျိုးစပါးများကို အသင်းဝင်များအား အခမဲ့ ဖြန့်ဝေပေးနေပြီး တစ်ဘက်တွင်လည်း တောင်သူများကို ပြန်လည် ရောင်းချပေးနေခြင်းဖြစ်သည်။
လက်ရှိ ရခိုင်ပြည်နယ်မှာ မျိုးသန့်စပါး မျိုးစေ့ထုတ်လုပ်မှုများကို တောင်သူများက အဖွဲ့အစည်းနှင့် စုဖွဲ့ ထုတ်လုပ်မှုများရှိနေပြီး တစ်ဘက်မှာလည်း တောင်သူ တစ်ဦးချင်းစီမှ ထုတ်လုပ်နေမှုများလည်းရှိသည်။
ရခိုင်ပြည်နယ်တွင် ပေါ်ဆန်းရင်၊ ရက် ၉၀၊ ဆင်းသွယ်လတ်၊ ဆားငန်ခံ ဆင်းသွယ်လတ်စသည့် စပါးအမျိုးအစားများကို မျိုးစေ့ ထုတ်လုပ်နေခြင်းဖြစ်သည်။
ရခိုင်တွင် ပြီးခဲ့သည့်နှစ်က စပါးအထွက်နှုန်းကောင်းသည့် မျိုးသန့်စပါး မျိုးစေ့ထုတ် စိုက်ကွက်ဧက ၁၇၆၄ ဧက စိုက်ပျိုး နိုင်ခဲ့သည်ဟု ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရသိရသည်။ အဆိုပါ စိုက်ပျိုးဧကပမာဏမှာ ယခုနှစ်စိုက်ပျိုးရာသီတွင် လယ်ဧက ၅ သောင်းကျော်အတွက်သာ မျိုးစပါး ထုတ်ပေးနိုင်သည့် ပမာဏသာရှိသည်။
ရခိုင်တွင် စပါးစိုက်ပျိုးနိုင်သည့် လယ်ဧက ၁၀သိန်းကျော်အထိ ရှိပြီး ပြီးခဲ့သည့်နှစ်က လယ်ဧက ၉ သိန်း ၉ သောင်းကျော်အထိ စပါးစိုက်ပျိုးနိုင်ခဲ့သည်။
https://www.facebook.com/westernnewsagency/posts/537915028015006