By Narinjara / 2022 June 08
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ ကမ္ဘောဇဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦးသည် ဓားထိုးခံလိုက်ရသည့်အတွက် ပြင်းထန်ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။
ဓားထိုးခံရသည့်အမျိုးသမီးမှာ မြောက်ဦးမြို့၊ ကြက်စျေးရပ်ကွက်တွင် နေထိုင်သည့် မဌေးဝင်း (၂၇ နှစ်)ဖြစ်ပြီး ယမန်နေ့ ဇွန်လ ၇ ရက် ညနေ ၈ နာရီကျော်ခန့်တွင် နေအိမ်၌ရှိနေစဉ် မြောက်ဦးမြို့မှ ကိုရဲသိန်းဝင်းဆိုသူက ဓားဖြင့်လာရောက်ထိုးခဲ့ခြင်းဖြစ်သည်ဟု ရပ်ကွက်သားများက ပြောသည်။
ယင်းသို့ဓားထိုးခံရမှုကြောင့် သူမ၏နားထင်၌ ပြင်းထန်စွာဒဏ်ရာရရှိသွားပြီး လက်နှင့်ခြေထောက်များတွင်လည်း အနည်းငယ်ထိခိုက်ဒဏ်ရာရရှိသည့်အတွက် လက်ရှိတွင် မြောက်ဦးမြို့နယ်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရသည်ဟု အမည်မဖော်လိုသည့် အိမ်နီးချင်းအမျိုးသားတစ်ဦးက ပြောသည်။
“မြောက်ဦးမှာ မနေ့က မိုးတအားရွာနေတာ။ အဲဒီအချိန်မှာ သူမကိုလာပြီးတော့ ဓားနဲ့ထိုးသွားတာ။ ဓားနဲ့ထိုးပြီးတော့ သူကပြေးသွားတယ်။ ဘာကြောင့် ဒီလို လုပ်တာလဲဆိုတာတော့ မသိရဘူး”ဟု ပြောသည်။
ဓားဖြင့်ထိုးသွင်းခဲ့သူသည် မဌေးဝင်းနှင့် အိမ်ထောင်တရားဝင်ကွာရှင်းထားသည်မှာ ၂ နှစ်ကျော်ရှိပြီဟုလည်း သိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ကာယကံရှင်များအား ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။
https://www.facebook.com/narinjara.info/posts/5536010416410990