မြောက်ဦးတွင် စရဖ သုံးဦးကို AA ဖမ်းဆီး

By Western News/ 2022 June 23

ဓာတ်ပုံ-Western News

စစ်ကောင်စီ၏ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)သုံးဦးကို ဇွန် ၂၁ ရက်နေ့ ည ၆ နာရီ ဝန်းကျင်လောက်တွင် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ကြောင်း မြောက်ဦးဒေသခံများက Western News ကိုပြောသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ညောင်ပင်စျေးရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် မြောက်ဦး စရဖ တာဝန်ခံ သမီးဖြစ်သူ၏ ထမင်းဆိုင်တွင် စရဖ တပ်ဖွဲ့ဝင်သုံးဦး ထမင်းစားနေစဉ် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ကြောင်း  လုံခြုံရေးအရ အမည်မဖော်လိုသည့် မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။

“မြောက်ဦးက စရဖ တာဝန်ခံဆရာကြီးကို ဖမ်းခေါ်သွားတယ်။ နောက်ထပ် စရဖ က နှစ်ယောက်ကိုလည်း ဖမ်းသွားတာပါ။ ထမင်းဆိုင်မှာ ထမင်းစားနေတဲ့အချိန်မှာ ဝင်ဖမ်းသွားတာ။ ထမင်းက စားနေတုန်း။ မပြီးသေးဘူး။ အဲ့ဒီမှာ ဖမ်းခေါ်သွားတာ။ ရုန်းရင်းဆန်ခတ်တော့ မဖြစ်ဘူး။ ဖမ်းခေါ်သွားတော့ သူတို့လည်းအေးဆေးလိုက်သွားတယ်” ဟုပြောသည်။

စစ်ကောင်စီ၏ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)သုံးဦးကို  AA က ဖမ်းဆီးပြီးနောက်ပိုင်းတွင် စစ်ကောင်စီ တပ်သားများ စစ်ကား ၄ စီးဖြင့် မြောက်ဦးမြို့အတွင်းက ရပ်ကွက်အချို့ကို ဝင်ရောက်ပြီး ဒေသခံများကို ဖမ်းဆီးခဲ့သည်။

ယင်းအထဲတွင် ညောင်ပင်ဈေးရပ်ကွက်ရှိ ထမင်းဆိုင်မှ မိသားစုဝင် ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသလို ယနေ့ ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ကျောင်းသားအပါအဝင်ဒေသခံ ၃၀ ဦးထက်မနည်း ထပ်မံဖမ်းဆီးထားပြီး ညနေပိုင်းအထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း မြောက်ဦးမြို့ခံများက ပြောသည်။

မြောက်ဦးမြို့က ရပ်ကွက်အချို့ လမ်းဆုံ၊ လမ်းခွများတွင် စစ်ကောင်စီက နေရာထားမှု ရှိသလို  မြို့အဝင်အထွက်နှင့် ဘုရား၊ ပုထိုးစေတီတည်ရှိရာ တောင်ကုန်းများတွင် နေရာထားပြီး မြို့ခံများကို နေအိမ်သို့ ဝင်ရောက်ဖမ်းဆီးမှုများရှိနေကာ ယနေ့ ညနေပိုင်းအထိ ဖမ်းဆီးခံရသည် မြို့ခံ ဦးရေ ၄၀ ထက်မနည်းရှိကြောင်း သိရသည်။

အမည်မဖော်လိုသည့် မြောက်ဦး မြို့ခံတစ်ဦးက”စစ်ကောင်စီတပ်သားတွေက မြောက်ဦးမြို့ပေါ်က လမ်းဆုံ၊ လမ်းခွရယ်၊ ပြီးတော့ ဘုရားပုထိုး စေတီတွေရဲ့ တောင်ကုန်းပေါ်တွေမှာ နေရာယူထားတယ်။ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေတယ်။ မနေ့ညနဲ့ ဒီကနေ့ မနက်ပိုင်းရယ် ညပိုင်းအထိ ဆိုရင်တော့ ဖမ်းဆီးခံရတာ ၄၀ ထက်မနည်းဘူးရယ်။ ဖမ်းဆီးခံရတဲ့သူတွေလည်း ပြန်လည်လွတ်လာတာမရှိသေးဘူး”ဟုပြောသည်။

ဇွန်လ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်က ဘီယာသောက်နေ့သည့် ကျောက်တော်မြို့မ ရဲစခန်းမှ ရဲတပ်သား ၃ ဦးကို ရက္ခိုင့်တပ်တော်က AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျောက်တော်မြို့တွင်းသို့ ဝင်ရောက်လာပြီး မြို့ခံများကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။ ယင်းအပြင် ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးအား ရက္ခိုင့်တပ်တော်က ဖမ်းဆီးခဲ့သည်။

ယင်းဖြစ်စဉ်များပြီးနောက်ပိုင်းတွင် ယနေ့ ဇွန်လ ၂၂ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်သည် ကျောက်တော်မြို့အတွင်းသို့ သေနတ်ဖောက်ဝင်ရောက်လာပြီး ရပ်ကွက်များတွင် စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို တွေ့ရသည်။

ဇွန်လ ၁၁ ရက်နေ့စ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့် စစ်သား ၇ ဦးထက်မနည်းကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီတပ်ကလည်း ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးမြို့များမှ ဒေသခံများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းရခြင်းမှာ  စစ်ကောင်စီတပ်သည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ၊ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များ၏ နေအိမ်များကို ညအချိန်များတွင် ဝင်ရောက်ဖမ်းဆီးခြင်းများ ရှိနေသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လည်ဖမ်းဆီးရခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခ  ကပြောသည်။

https://www.facebook.com/westernnewsagency/posts/548499923623183

Leave a Reply

Your email address will not be published.