မြောက်ဦးတွင် သုံးဘီးမောင်းသူ ၁ ဦး ဖမ်းဆီးခံရပြီးနောက် ၃ ရက်ကြာသည်အထိ အဆက်အသွယ်မရ၍ မိသားစုများ စိုးရိမ်နေ

By Narinjara / 2022 June 24

ရခိုင်ပြည်နယ်  မြောက်ဦးမြို့တွင် သုံးဘီးမောင်းသူ ၁ ဦးသည် ဖမ်းဆီးခံရပြီးနောက် ၃ ရက်ကြာသည်အထိ အဆက်အသွယ်မရ၍ စိုးရိမ်နေရသည်ဟု ဇနီးဖြစ်သူ မလှလှမြင့်က နိရဉ္ဇရာကိုပြောသည်။

ဖမ်းဆီးခံရသူမှာ မြောက်ဦးမြို့ ကျောက်ရာဇ်ကေရပ်ကွက်မှ ကိုကျော်ဝင်းလှိုင် (၃၂ နှစ်)ဖြစ်သည်။

သူသည် ဇွန်လ ၂၂ ရက် နံနက် ၇ နာရီကျော်တွင် တုတ်တုတ်(ခေါ်) အိန္ဒိယသုံးဘီးနှင့်အတူ သုံးဘီးမောင်းရန် အိမ်မှ ထွက်သွားစဥ် မြောက်ဦးမြို့ နာရေးကူညီမှုရုံးအနီးရှိ စစ်ဆေးရေးဂိတ်အရောက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးစရာရှိသည်ဟုဆိုကာ ကားပေါ်တင်၍ မြောက်ဦးရှိ ၅၄၀ တပ်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်ဟု မလှလှမြင့်က ပြောသည်။

“သူတို့ကို ကားပေါ်မှာ တင်ပြီး သုံးဘီးလေးပေါ်မှာ စစ်သားတချို့ ထိုင်လိုက်ပြီးတော့ ၅၄၀ တပ်ထဲဝင်သွားတာ မြင်လိုက်သူတွေရှိတယ်။ ဒါနဲ့ ကျမတို့လည်း အဲဒီမှာ သွားစုံစမ်းပေမဲ့ မရှိဘူးလို့ပဲဖြေတယ်”ဟုပြောသည်။

ကိုကျော်ဝင်းလှိုင်သည် ၂၀၁၅ ခုနှစ်ခန့်တွင် အစာအိမ်အူတက်ကြောင့် ဗိုက်ခွဲထားရသူဖြစ်ပြီး လက်ရှိအချိန်အထိ အစာအများစားမိပါက ဗိုက်အောင့်တတ်ပြီး အလုပ်ကြမ်းများကိုလည်း ပင်ပင်ပန်းပန်း မလုပ်နိုင်သေးဟု ဆိုသည်။

လက်ရှိအချိန်အထိ ကိုကျော်ဝင်းလှိုင်နှင့် အဆက်အသွယ်မရဖြစ်နေပြီး သူ့အတွက် စိုးရိမ်နေမိသည်ဟု မလှလှမြင့်က ဆက်ပြောသည်။

“ကျမတို့က သုံးဘီးလေးမောင်းပြီး ရိုးရိုးသားသားလုပ်စားနေကြတာပါ။ ယောက်ျားတစ်ယောက်မရှိရင် သားသမီးရှေ့ရေးအတွက်၊ ပညာရေးအတွက် အားလုံး နစ်နာဆုံးရှုံးတယ်။ ဒါကြောင့် အမြန်ဆုံးလွှတ်ပေးစေချင်ပါတယ်။ ရိုက်ပုတ်ပြီး စစ်ဆေးမှာကိုလည်း စိုးရိမ်ပါတယ်”ဟု ဆိုသည်။

ကိုကျော်ဝင်းလှိုင်တွင် ဇနီးနှင့်အတူ ယခုနှစ်မှကျောင်းစထားရသည့် ၅ နှစ်အရွယ် သမီးလေး ၁ ဦးရှိသည်ဟု သိရသည်။

မြောက်ဦးတွင် ဇွန်လ ၂၁ ရက် ည ၈ နာရီခန့်က စရဖ ၃ ဦးကို AA က ဖမ်းဆီးသွားပြီးနောက် ယင်းနေ့ညနှင့် ဇွန်လ ၂၂ ရက်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြောက်ဦးမြို့အတွင်း အဖမ်းအဆီးအစစ်အဆေးတင်းကျပ်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

https://www.facebook.com/narinjara.info/posts/5580874628591235

Leave a Reply

Your email address will not be published.