မြို့လေးမြို့မှ အရပ်သား ၄၅ ကို စစ်ကောင်စီ ဖမ်းဆီးခဲ့၊ အသက်မပြည့်သေးသူ ၅ ဦးပါဝင်ဟု AA ထုတ်ပြန်

By Western News/ 2022 June 28

ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး စသည့်မြို့များမှ အပြစ်မဲ့ အရပ်သား ၄၅ ကို စစ်ကောင်စီဖက်မှ ဖမ်းဆီးခဲ့ပြီး ထိုအထဲတွင် အသက်မပြည့်သေးသူ ၅ ဦး ပါဝင်​သည်ဟု ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော် AA ၏ ဇွန် ၂၇ ရက်နေ့ထုတ်ပြန်ချက်တွင် ကျောက်တော်မြို့မှ ၇ ဦးနှင့် မြောက်ဦးမြို့မှ ၉ တို့ပါဝင်သည်။

ကျောက်တော်မြို့မှ ဖမ်းဆီးခံရသူများမှာ ကမ်းနားလမ်း၊ မြို့သစ်ရပ်ကွက်မှ ဌေးဌေး (၃၀)နှစ်၊ ရှမ်းရွာရပ်ကွက်မှ နွေးနွေးဦး (၂၃) နှစ်၊ ဗိုလ်ချင်းပျံလမ်း၊ မြို့သစ်ရပ်ကွက်မှ စန္ဒာ (၂၉) နှစ်၊ ပြည်တော်သာရပ်ကွက်မှ ကိုဇော်ဝင်း (၄၂) နှစ်နှင့် ငြိမ်းငြိမ်း ( ၃၇) နှစ်၊ ခေါင်းတုတ်ကျေးရွာမှ ကျော်သန်းမောင် (၅၅) နှစ်နှင့် ကျောက်တန်းကျေးရွာမှ မောင်မျက်လှိုင် (၄၃) နှစ်တို့ဖြစ်ကြသည်။

ဖမ်းဆီးခံရသူများထဲမှ ဌေးဌေး၊ စန္ဒာနှင့် ငြိမ်းငြိမ်း ၃ ဦးတို့မှာ ဇွန် ၂၁ ရက်နေ့က ပြန်လည်လွတ်မြောက်လာသည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြောက်ဦးမြို့မှ ဖမ်းဆီးခံရသူများမှာ အောင်ဒိုင်ကျေးရွာမှ အာဘုလ်ကာသိမ်း (၂၅) နှစ်၊ ပေါင်းတုတ်ကျေးရွာမှ ရောဟတ်ဟူဆောန် (၃၀)နှစ်၊ ချင်းပြည်နယ် မတူပီမြို့မှ မောင်ရန်လျန်း (၄၁)၊ ပလက်ဝမြို့မှ မောင်ဖွေးအိုင် (၂၈) နှစ်၊ ပင်လောင်းမြို့နယ်မှ မောင်ဖြိုးဝေ (၂၅) နှစ်၊ တိမ်ညိုကျေးရွာမှ ဦးပြည့်စုံဝင်း (၃၆) နှစ်၊ ကျောက်ရာဇ်ကေရပ်ကွက်မှ ကျော်ဝင်းလှိုင် ၂၂ နှစ်နှင့် ဝသဲရပ်ကွက်မှ ကိုကိုမြင့် (၂၃) နှစ်တို့ဖြစ်ကြသည်။

ယင်းထုတ်ပြန်ချက်ထဲတွင် မြောက်ဦးမြို့နယ် ပေါင်းတုတ်ကျေးရွာမှ ရောဟတ်ဟူဆောန် (၃၀) နှစ်မှာ ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု ရေးသားထားသည်။ ဖမ်းဆီးခံရသူများထဲတွင် မြောက်ဦးမြို့နယ်၊ ကုန်းဘောင်ကျေးရွာမှ အသက် (၁၈ )နှစ် မပြည့်သေးသည့် ၁၃ နှစ်အရွယ် ချစ်စုဘုတစ်ဦးလည်းပါဝင်သည်။

ပုဏ္ဏားကျွန်းမြို့တွင်လည်း ဖမ်းဆီးခံထားရသည့် အပြစ်မဲ့ အရပ်သား ၈ ဦးရှိပြီး ထိုအထဲတွင် ပေါက်တောပြင်ကျေးရွာမှ ၁၇ နှစ်အရွယ် ကျောင်းသားတစ်ဦးလည်း ပါဝင်သည်ဟု ဇွန် ၂၇ ရက်နေ့ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဇွန် ၂၅ ရက်နေ့က ထုတ်ပြန်ချက်တွင် စစ်တွေမြို့မှ ဖမ်းဆီးခံရသူ ၂၁ ဦးရှိပြီး ထိုအထဲတွင် အသက် ၁၄ နှစ်အရွယ်တစ်ဦး၊ ၁၅ နှစ်အရွယ်တစ်ဦးနှင့် ၁၇ နှစ်အရွယ် တစ်ဦးတို့ပါဝင်ကြောင်း သိရှိရသည်။

AA ၏ ထုတ်ပြန်ချက်များတွင် တခြားမြို့နယ်များတွင်လည်း စစ်ကောင်စီမှ အရပ်သားပြည်သူများအား လိုက်လံဖမ်းဆီးလျက် ရှိနေဆဲဖြစ်သည်ဟု ရေးသားထားသည်များကို တွေ့ရှိရသည်။

ကျောက်ဖြူမြို့နယ်၊ မူရွင်းကျေးရွာမှ လူငယ်အမျိုးသားနှစ်ဦးကိုလည်း ဇွန်လ ၂၄ ရက်နေ့က စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ယနေ့အချိန်အထိ မိသားစုများဆက်သွယ်မရရှိသေးဘဲ  အသက်အန္တရာယ်စိုးရိမ်နေများရှိနေကြောင်း မိသားစုများကပြောသည်။

လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသည့် အပြစ်မဲ့အရပ်သားများအား စစ်ကောင်စီက မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးသည့်အတွက် မိသားစုဝင်များအနေဖြင့် စိုးရိမ်လျက်ရှိကြသည်။

ရက္ခိုင့်တပ်တော် (AA) သည် ပြီးခဲ့သည့် ဇွန်လ (၁၆) ရက်နေ့က ပုဏ္ဏားကျွန်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး၊ ဇွန် (၂၀) ရက်နေ့က ကျောက်တော်မြို့မှ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ဇွန် (၂၁ ) ရက်နေ့က မြောက်ဦးမြို့မှ (စရဖ) တပ်ဖွဲ့ဝင် ၃ ဦး၊ ဇွန် (၂၂) ရက်နေ့က ရမ်းဗြဲမြို့မှ ရဲတပ်ဖွဲ့ဝင် ၂ ဦး၊ ဇွန် (၂၃) ရက်နေ့က ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အဆိုပါမြို့နယ်များမှ အရပ်သားပြည်သူများကို ပစ်မှတ်ထားဖမ်းဆီးခဲ့သည်။

https://www.facebook.com/westernnewsagency/posts/552189496587559

Leave a Reply

Your email address will not be published.