မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို ယနေ့စတင်ဖွင့်လှစ်၊ ရခိုင်ပြည်နယ်တွင်ကျောင်းပေါင်း ၃၀၀၀ကျော်ဖွင့်လှစ်သင်ကြာ

By Narinjara / 2022 June 02

မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို ယနေ့ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ရခိုင်ပြည်နယ်တွင် ကျောင်းပေါင်း ၃၀၀၀ ကျော် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရခိုင်တွင်လည်း ယခု ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်အတွင်း ရခိုင်တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းစာသင်ကျောင်းပေါင်း ၃၁၈၈ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၈ဝ နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း ၅ဝ ကို ယနေ့မှစတင်ကာ ဖွင့်လှစ်နေပြီဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

၂ဝ၁၇ ခုနှစ်မှစတင်ကာ ပဋိပက္ခများနှင့် တိုက်ပွဲများကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် ကျောက်တော်မြို့နယ်တို့တွင်ပိတ်ထားရသည့် စာသင်ကျောင်း ၁၂၂ ကျောင်းကိုမူ ယခုနှစ်တွင်လည်း ဖွင့်လှစ်နိုင်ဦးမည်မဟုတ်ဟု ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ပြောဆိုထားသည်။

ရခိုင်တွင် ယခုပညာသင်နှစ်အတွင်း ယမန်နေ့ ဇွန်လ ၁ ရက်အထိ ကျောင်းအပ်နှံထားသူ ၃ သိန်း ၆ သောင်းကျော်ရှိသည်ဟု သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ယခုစာသင်နှစ်အတွင်း ယမန်နေ့ ဇွန်လ ၁ ရက်အထိ ကျောင်းအပ်နှံထားသည့် ကျောင်းသား၊ ကျောင်းသူပေါင်း ၅ ဒသမ ၂ သန်းကျော်ရှိသည်ဟု စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန့်နေ့ကပြုလုပ်သည့် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

https://www.facebook.com/narinjara.info/posts/5517385081606857

Leave a Reply

Your email address will not be published.