မြန်မာစစ်တပ် လူ့အခွင့်အရေးချိုးဖောက်မှုအပေါ် ရခိုင်လူ့အခွင့်အရေးအဖွဲ့ ရှုတ်ချ

By Narinjara / 2022 June 25

(Photo by Arakancampaign.org)

မြန်မာစစ်တပ်က ရခိုင်ပြည်တွင် လူ့အခွင့်အရေးချိုးဖောက်နေမှုအပေါ် ရခိုင့်လူ့အခွင့် အဖွဲ့တစ်ခုဖြစ်သည့် Arakan Human Rights Defenders and Promoters Association ယနေ့တွင် ကန့်ကွက်ရှုတ်ချလိုက်သည်။

၎င်းရှုတ်ချမှုကို ယနေ့ ဇွန် ၂၄ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက် ဖော်ပြထားပြီး  “အရပ်သား ပြည်သူများကို အပြစ်ရှာပြီး မတရားဖမ်းဆီးမှု၊ ပစ်ခတ်သတ်ဖြတ်ညှင်းပန်း နှိပ်စက်မှုများ ပြုလုပ်နေသည်မှာ လူ့အခွင့် အရေးကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေကြောင်း၊ မြန်မာ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မတရားဖမ်းဆီးနေသည့်လုပ်ရပ်အပေါ်တွင် အဆိုပါ အဖွဲ့အနေဖြင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး Arakan Human Rights Defenders and Promoters Association/ ရခိုင့်လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံဦးမြတ်ထွန်းအား နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာ ၎င်းက “ မြန်မာစစ်တပ်သည် အရပ်သားပြည်သူများကိုဖမ်းဆီးညှင်းပမ်း နှိပ်စက်နေသည်ကို တွေ့မြင် နေရသဖြင့် ကြေညာချက်ထုတ်ပြန်ပြီး ၎င်းတို့၏လုပ်ရပ်ကို ကန့်ကွက် ရှုတ်ချရခြင်းဖြစ်ကြောင်း” ပြောဆိုသည်။

“ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘာမှမဆိုင်တဲ့ အပြစ်မဲ့ အရပ်သား ပြည်သူတွေကို ဖမ်းဆီး နှိပ်စက်မှုတွေ ပြုလုပ်နေတယ်။  ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနဲ့  စစ်တွေ မြို့ပေါ်နေ ပြည်သူတွေကိုပါ အကြောင်းမဲ့ ဖမ်းဆီးညှင်းပမ်းနှိပ်စက်နေတာတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာတယ်။ ဘယ်အစိုးရဖြစ်ဖြစ် သာမာန် အရပ်သားပြည်သူတွေကို ဒီလို မလုပ်သင့်ဘူး။ အခု နှစ်ဘက်ဖမ်းဆီးမှုတွေမှာ စစ်တပ်က အေအေကိုကျ မဖမ်းရဲဘဲ ပြည်သူတွေကို လိုက်ဖမ်းတဲ့ အနေအထားဖြစ်လာနေတယ်။ တချို့ ပုဏ္ဏားကျွန်း မှာဆိုရင် ညှင်းပမ်းနှိပ်စက်တဲ့ အထိဖြစ်လာတယ်။ နှိပ်စက်ခံရပြီး ဆေးရုံတက်ရတဲ့အထိ ကြားသိရတယ်။ ဒီလိုလုပ်နေတာကို ငြိမ်ခံနေရင် ရှေ့မှာပိုပြီးဆိုးလာမယ်”ဟု ပြောသည်။

၎င်းပြင် ထုတ်ပြန်သည့် ကြေညာချက်ထဲတွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော် အပစ်ရပ်စဲထားသည်မှာ ၂၀၂၁ ခုနှစ်က ယနေ့ထိတိုင် ဖြစ်ကြောင်း၊ ယခုအခါ မြန်မာစစ်ကောင်စီသည် ရက္ခိုင်ပြည်အတွင်း လူအင်အားရိက္ခာဖြည့်တင်း ပြီး စစ်ရေးအသွင်ဆောင်နေသည်ကို တွေ့မြင် ရကာ နိုင်ငံရေးကို နိုင်ငံရေးအားဖြင့် စားပွဲပေါ်တွင် မဖြေရှင်း ဘဲ စစ်ရေးဖြင့် ဖြေရှင်းနေမည့် အလားအလာ ဖြစ်နေကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

https://www.facebook.com/narinjara.info/posts/5582020225143342

Leave a Reply

Your email address will not be published.