မြန်မာစစ်တပ်က ခွင့်ပြုမှ စစ်တွေမှ ရေကြောင်းလိုင်းအားလုံးကို ပြန်လည်သွားလာခွင့်ရမည်၊ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားမည်ကို ဒေသခံများစိုးရိမ်

By Western News/ 2022 June 26

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ တစ်ခြားမြို့နယ်များသို့ ပြေးဆွဲနေသည့် ခရီးသည်ရေယာဉ်များအပါအဝင် ကုန်ပစ္စည်းတင် ရေယာဉ်အားလုံးကို ဆတ်ရိုးကျတံတားအနီးရှိ စစ်ဆေးရေးဂိတ်မှ ခွင့်ပြုမှာသာ ပြန်လည် ပြေးဆွဲခွင့်ရမည်ဖြစ်ကြောင်း ရေကြောင်းလိုင်းပြေးဆွဲသည့် ရေယာဉ်တာဝန်ရှိသူများ ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့မှစကာ စစ်တွေမြို့မှ မြို့နယ်အသီးသီးကို ပြေးဆွဲနေသည့် ရေကြောင်းလိုင်းအားလုံးကို စစ်ကောင်စီက သွားလာခွင့်ပိတ်ပင်ထားခြင်းဖြစ်သည်။

လက်ရှိတွင် စစ်တွေမြို့ ဆတ်ရိုးကျတံတားအနီးရှိ စစ်ဆေးဂိတ်က ရေယာဉ်များကို သွားလာခွင့်ပိတ်ထားဆဲဖြစ်ကြောင်း ယင်းကသွားလာခွင့်ပြုမှသာ ပြန်လည် ပြေးဆွဲရမည်ဟု စစ်တွေမှ ရခိုင်မြို့နယ် အသီးသီးသို့ ပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ် မန်နေဂျာ ဦးစံမော်သိန်းကပြောသည်။

“ခုထိတော့ သွားလာခွင့်ပိတ်ထားတဲ့အတွက် ရေယာဉ်ပြေးဆွဲမှုကို ရပ်နားထားရပါတယ်။ ဆတ်ရိုးကျ တံတားအနီးမှာရှိတဲ့ စစ်ဆေးရေးဂိတ်က သွားလာခွင့် ပြုမှပဲ ရေကြောင်းလိုင်းအားလုံးကို ပြန်ပြီးပြေးဆွဲရမှာပါ”ဟုပြောသည်။

ရွှေပြည်တန်အမြန်ရေယာဉ်ပြေးဆွဲနေသည့် ခရီးစဉ်များအနက် တောင်ကုတ်-မာန်အောင်ခရီးစဉ်တစ်ခုကိုသာ ပြေးဆွဲလျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

စစ်တွေမှ ရေလမ်းအားလုံးကို စစ်တပ်ပိတ်ပင်ထားသည့်အတွက် တစ်ဖက်တွင်လည်း စစ်တွေမှ ရေလမ်းခရီးဖြင့်သာ ကုန်စည်ကို အဓိက အားထားနေရသည့် ရသေ့တောင်နှင့် ပေါက်တောဒေသဖက်မှ ဒေသခံများ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားမည်ကို စိုးရိမ်နေကြသည်။

စစ်တွေကို တစ်ပတ်လျှင် တနင်္လာနေ့ တစ်ရက်တည်းသာ စစ်တွေမှ ကုန်စည်များ ဝယ်ယူနေရခြင်းဖြစ်ပြီး ယခုကဲ့သို့ ရေယာဉ်အဝင်၊ အထွက်ကို ပိတ်ပင်ထားလျှင် မကြာမီ ကုန်သည်စီးဆင်းမှု နှောင့်နှေးသွားနိုင်သည်ဟု စစ်တွေ-စေတီပြင် ကုန်စည်ပစ္စည်းသယ်ဆောင်သည့် ရေယာဉ်ပိုင်ရှင်တစ်ဦးကပြောသည်။

“ကျွန်တော်တို့ တစ်ပတ်ကို တစ်ရက်ပဲ စစ်တွေကနေ ကုန်တင်တာဗျာ။ ကျွန်တော်တို့ ရသေ့တောင်ဖက်တွေဟာ စစ်တွေက ကုန်စည်ကိုပဲ အဓိက အားထားနေရတာပါ။ တစ်ပတ်တစ်ရက်လာတာကို ခုလို ပိတ်ထားရင် နောက်တစ်ပိတ် ဒီရက်မှဘဲ ပြန်လာရရင် ကုန်စည်စီးဆင်းမှုတွေ နှေးပြီး ဒေသတွင်းမှာ ကုန်စည်တွေ ရှားပါးမှာကို စိုးရိပ်မိပါတယ်”ဟုပြောသည်​။

​ရေလမ်းကသာ သွားမှသာ အိမ်ပြန်ရောက်မည်ဖြစ်သည့်အတွက် လက်ရှိ ရေလမ်းများသွားလာခွင်ပိတ်ထား၍ နေအိမ်မပြန်နိုင်သေးဘဲ စစ်တွေတွင် ဆက်လက်နေထိုင်နေရသည်ဟု ကျောက်ဖြူမှ စစ်တွေတွင် အဝေးသင်လာတက်သည့် တက္ကသိုလ်ကျောင်းသူ တစ်ဦးကပြောသည်။

“ကျွန်မတို့ဖက်က ရေလမ်းကသွားမှာဘဲ အဆင်ပြေမှာဆိုတော့ ရေလမ်းပြန်ဖွင့်မှာကို စောင့်နေရသေးတယ်။ စာမေးပွဲပြီးသွားလို့ ရွှေပြည်တန်လက်မှတ်ဖြတ်ထားတာ လောလောဆယ် သွားလာခွင့်မပြုလို့ဆိုပြီး ငွေပြန်အမ်းတယ်။ ဘာပဲဖြစ်ဖြစ် စစ်တွေမှာ မနေချင်ရင်လည်း ဆက်နေနေရတယ်။ အဆောင်မှာ မြောက်ဦး၊ မင်းပြား၊ ပေါက်တော ဖက်ကသူငယ်ချင်းတွေကော ရှိသေးတယ်။ ရေလမ်းကနေ သွားမလို့လေ ။ ကုန်လမ်းကလည်း အရမ်းအစစ်အဆေးတွေများတယ်ကြားတယ်။ မသွားရဲကြဘူး”ဟုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ရက်နေ့က စစ်တွေမြို့ ၃၅၄ တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦးအပါအဝင် နောက်ထပ် စစ်သား တစ်ဦးကို AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည့်အတွက် ဇွန်လ ၂၄ ရက်နေ့စ၍ စစ်တွေမှ ပြေးဆွဲမည့် ရေကြောင်းလိုင်းများနှင့် ရေယာဉ်အဝင်အထွက်အားလုံးကို စစ်တပ်က သွားလာခွင့်ပိတ်ပင်ထားခြင်းဖြစ်သည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ ဇွန်လ အတွင်းတွင်နှစ်ဖက် အခြေအနေ တင်းမာနေသည့်အတွက် ရေကြောင်းလိုင်းများသာမက ကုန်ကြောင်းခရီးများကိုလည်း စစ်တပ်က တင်းတင်းကြပ်ကြပ်စစ်ဆေးမှုများရှိနေသည်။

https://www.facebook.com/westernnewsagency/posts/551073973365778

Leave a Reply

Your email address will not be published.