By Voice Of Westland (VOW)/ 2022 June 27
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရေမျက်တောင်ရွာနဲ့ ကြက်ရိုးပြင်ရွာကြား တရားမဝင်နယ်စပ် ဖြတ်ကျော်လာသူအမျိုးသားတစ်ဦးကို ဇွန်လ ၂၆ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။
နယ်စပ်ဖြတ်ကျော်လာသူအမျိုးသားဟာ (ဘ) အဒူကော်ရိမ်ရဲ့သား မိုဟာမက်ဆော်ယုပ်စ် (၂၉)နှစ် ဖြစ်တယ်လို့ ရခိုင်နေ့စဉ်သတင်းမှာ ဖော်ပြထားပါတယ်။
သူဟာ ကုရ်ဘာနီအစ်ပွဲ နီးကပ်လာတာကြောင့် မောင်တောမြို့နယ် ကြက်ရိုး(တောင်)ရွာမှာရှိတဲ့ သူ့ရဲ့မိသားစုနဲ့အတူ ပွဲကျင်းပလိုတာကြောင့် ဇွန်လ ၂၅ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Mathsh Khali Para ကျေးရွာကနေ ခြေလျင်ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။
မိုဟာမက်ဆော်ယုပ်စ်ဟာ နတ်မြစ်ကို ၅ဂါလံဆံ့တဲ့ အဝါရောင်ပလပ်စတစ်ပုံးခွံနဲ့ ဖြတ်ကူးခဲ့ပြီးတော့ ဦးရှည်ကျချောင်းဝအနီးကို ရောက်ရှိခဲ့ကာ အဲဒီကတစ်ဆင့် နယ်စပ်ခြံစည်းရိုးကိုဖြတ်ကျော်လာတဲ့အချိန် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
သူ့ကို ရေမျက်တောင်ရွာနဲ့ ကြက်ရိုးပြင် (တောင်)ရွာကြား ဓနိတောအနီးကိုအရောက်မှာ လုံခြုံရေး ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ နယ်စပ်ဖြတ်ကျော်လာသူအမျိုးသားကို နယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားပြီးတော့ တရားမဝင်ကျူးကျော်ဝင်ရောက်လာတဲ့အတွက် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ဥပဒေအရဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။