မောင်တောနယ်စပ် နံသာတောင်ပရဟိတကျောင်းက တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ၆၀ ကျော်ထိရှိ

By Boder News Agency (BNA) / 2022 June 17

ဓာတ်ပုံ-နံသာတောင်ပရဟိတကျောင်းမှ ကျောင်းသား/သူများ။

ရခိုင်ပြည်၊ မောင်တောမြို့နယ် နံသာတောင်ကျေးရွာရှိ ပညာဒါနပရဟိတ ကျောင်းကနေ ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်သူ (၆၀) ကျော် ရှိကြောင်း သိရပါတယ်။
အဲဒီ ပရဟိတကျောင်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခဲ့သူ ကျောင်းသား၊သူ ၁၀၀ ဦးရှိခဲ့ပြီးတော့ ၆၁ ဦး အောင်မြင်ခဲ့တာဖြစ်ပါတယ်။
တက္ကသိုလ်ဝင်တန်းအောင်မြင်သူခဲ့သူတွေထဲမှာ ၃ ဘာသာဂုဏ်ထူးရှင် (၁၁) ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် (၁၂) ဦးနဲ့ ၁ ဘာသာဂုဏ်ထူးရှင် (၂၀) ဦးတို့ ပါဝင်ခဲ့ ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေက စာမေးပွဲ ဖြေဆိုသူ (၁၀၀) မှာ (၃၀) ခန့်သာ အောင်မြင်မှု ရှိခဲ့ပေမယ့် ဒီနှစ်မှာ တဟုန်ထိုးပြီး အောင်မြင်သူဦးရေနဲ့ အောင်ချက်မြင့် တက်သွားတာဖြစ်ပြီး ဒါဟာ ပရဟိတကျောင်းဖွင့်တဲ့ ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ အများဆုံးခုနှစ်ဖြစ်ကြောင်း ပရဟိတကျောင်း ဦးစီးနာယက ဆရာတော်ဦးစာရဏက မိန့်ပါတယ်။
နံသာတောင် ပညာဒါနပရဟိတကျောင်း ဘုန်းတော်ကြီးက “ ဒီနှစ်ရလဒ် ကတော့ ဝမ်းသာစရာကောင်းပါတယ်။ ဂုဏ်ထူးတွေလည်း ပါကြတယ်။ မျှော်မှန်းထားသလိုလည်း ဖြစ်ခဲ့တယ်” လို့ ဆရာတော်က မိန့်ပါတယ်။
အဲဒီ ပညာဒါန ပရဟိတ ပညာသင်ကျောင်းဖွင့်တာ အခုဆိုရင် ၁၀ နှစ်နီးပါး ကြာလာပြီဖြစ်ပြီး ရခိုင်ပြည်နယ်မြို့နယ်တော်တော်များများက နှစ်စဉ် အထက်တန်း၊အလယ်တန်း၊မူလတန်းကျောင်းသူ/ သားပေါင်း (၄၀၀) လောက် တက်ရောက်သင်ကြားနေပြီး အခက်အခဲတွေရှိပေမယ့် အလှူရှင်တွေရဲ့ အကူအညီနဲ့ ဖွင့်လှစ်ထားနိုင်တာဖြစ်ကြောင်း ဆရာတော်က ဆိုပါတယ်။
“အခက်အခဲတွေကတော့ ကျောင်းသားဦးရေတွေများလာတယ်။ ကုန်ဈေးနှုန်း တွေတက်လာတဲ့အခါ စားရေးသောက်ရေးအခက်အခဲတွေရှိတယ်။ ဒီနှစ်က ကျောင်းသားဦးရေ အရင်နှစ်ကထက်များနေတယ်။ကျောင်းသားတွေက မစုံသေးဘူး”လို့ မိန့်ပါတယ်။
အဲဒီ နံသာတောင်ပရဟိတစာသင်ကျောင်းမှာ အထက်တန်းပြဆရာ၊ ဆရာမ တွေက အကူအညီတွေပေးကြပြီး အလယ်တန်းပြဆရာ၊ဆရာမတွေကိုတော့ အလှူရှင်တွေဆီက အလှူခံရရှိတဲ့ လစာငွေနဲ့ သင်ကြားပို့ချနေရကြောင်း သိရပါတယ်။
ရခိုင်ပြည်နယ်ဟာ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်မှာ ပြီးခဲ့တဲ့ နှစ်တွေကထက် အောင်ချက်ရာနှုန်းမြင့်တက်ခဲ့ပြီး ဖြေဆိုသူ ၄ သောင်းကျော်မှာ ၂ သောင်းနီးပါး အောင်မြင်ခဲ့ပြီး ဂုဏ်ထူးရှင်တွေလည်း ရာပေါင်းများစွာထွက်ရှိခဲ့ပါတယ်။

https://www.facebook.com/permalink.php?story_fbid=174983698277278&id=107469705028678

Leave a Reply

Your email address will not be published.