မောင်တောတွင် ပညာရေးဝန်ထမ်း၂ ဦးပျောက်ဆုံးနေမှု တာဝန်ယူမရှိ၍ ပညာရေးဝန်ထမ်းတစ်ချို့ ကျောင်းမတက်ဘဲ သပိတ်မောက်

By Western News/ 2022 June 20

ပြီးခဲ့သည်း ရက်ပိုင်းက ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ပညာရေးဝန်ထမ်း ၂ ဦးပျောက်ဆုံးနေမှုနှင့်ပတ်သတ်၍ ပညာရေး ဝန်ထမ်းများအတွက် တာဝန်ယူမှု တာဝန်ခံမှုများ မရှိ၍ မိမိတာဝန်ကျရာနေရာသို့ သွားရောက်ကာ စာသင်ပြမှုမပေးနိုင်တော့ကြောင်း မောင်တောမြို့နယ်က ဆရာ၊ ဆရာမများကပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက သင်္ဘောလှကျေးရွာမှ မောင်တောမြို့သို့ သွားကြသည့် ကျောင်းအုပ်ဆရာကြီးဦးဘိုဝင်းနှင့် သူ၏ လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့ နှစ်ဦးမှာ မောင်တောမြို့သို့ မရောက်ဘဲ လမ်းတွင် ပျောက်ဆုံးလျက်ရှိကာ ၎င်းတိုးစီးလာသည့် ဆိုင်ကယ်အား ဇီးပင် ချောင်းကျေးရွာအနီးရှိ တောအုပ်အနီးတွင် တွေ့ရှိခဲ့ပြီး ဝန်ထမ်း ၂ဦးမှာ ယနေ့ထိ ပျောက်ဆုံးလျက်ရှိနေသည်။

အသက် ၃၄ နှစ်အရွယ်ရှိပြီး မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့ နယ်ရှိ သင်္ဘောလှကျေးရွာတွင် တာဝန်ကျနေသည့် မူ/လွန် ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနှင့် သူ၏ လက်ဖြစ်သူ အသက် ၂၃ နှစ်အရွယ်ရှိ ဆရာမ ဒေါ်ဥမ္မာကျော်တို့ဖြစ်သည်။

ယင်းကဲ့သို့ပျောက်ဆုံးမှုနှင့်ပတ်သတ်၍ မောင်တောမြို့နယ်တွင် ပညာသင်ကြားပေးနေသည့် ပညာရေးဝန်ထမ်းများ လုံခြုံရေးအာမခံချက် မရှိသည့် အပြင် တာဝန်ယူမှု တာဝန်ခံမှုမရှိသည်ကို တွေ့မြင်ရသည်ဟု မောင်တောမြို့နယ်မှ ပညာရေးဝန်ထမ်းများကပြောသည်။

“ပညာရေးဝန်ထမ်း ၂ ဦး အခုလို ပျောက်နေတာကို ပညာရေးတာဝန်ရှိသူတွေဖက်က ခုထိ ဘာမှလုပ်ဆောင်တာမရှိသေးတာတွေ့ရပါတယ်။ ဆိုတော့ ကျွန်တော်တို့အတွက်ကော လုံခြုံပါ့မလား။ ကလေးတွေအတွက်ကော လုံခြုံပါ့မလားပေါ့။ ဆရာ၊ ဆရာမတွေနဲ့ ကလေးတွေ လုံခြုံရေးအာမခံချက်တွေလည်းမရှိတော့ လေလောဆယ်တော့ ဒီအခြေအနေမှာ ကျွန်တော်တို့ စာသင်ပြပေးနိုင်မှာ မဟုတ်သလို ကလေးတွေလည်း ပညာသင်ကြားဖို့ စိုးရိမ်နေကြတယ်”ဟုဆိုသည်။

ပညာရေးတာဝန်ရှိသူများမှ အဆိုပါကိစ္စနှင့်ပတ်သတ်၍ ဖြေရှင်းချက်မပေးသည့်အပြင် မောင်တောဒေသများမှ ပညာရေးဝန်ထမ်းများအတွက်လည်း လုံခြုံရေးအာမခံချက်မရှိတော့သည့်အတွက် တာဝန်ကျရာနေရာကို သွားရောက်၍ စာသင်ပြမှုကို လက်တလောတွင် မလုပ်ဆောင်နိုင်ဟု မောင်တောမြို့နယ်မှ ပညာရေးဝန်ထမ်းများက ပြောသည်။

ကျောင်းဆရာ ၁ဦးနှင့်ကျောင်းဆရာမ ၁ဦးပျောက်ဆုံးနေမှုကို သက်ဆိုင်ရာ တာဝန်ရှိသူများက တာဝန်ယူ လုပ်ဆောင်မပေးမချင်းနှင့် ၎င်းတို့ ၂ဦး ပြန်လည်မလွတ်မြောက်သရွေ့ တာဝန်များကို လုပ်ဆောင်မည်မဟုတ်ဟု မောင်တောမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် နောက်ထပ် ပညာရေးဝန်ထမ်းတစ်ဦးကပြောသည်။

“ဆရာကြီးနဲ့ ဆရာမ ၂ဦးလုံး အသက်အန္တရာယ် တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ ပြန်လွတ်လာမှပဲ ကျွန်တော်တို့ စိတ်ချနိုင်မယ်။ တာဝန်တွေကိုလည်း ထပ်ပြီးလုပ်နိုင်ပါမယ်။ တာဝန်ရှိသူတွေကလည်း ခုလို ကြည့်မနေဘဲ အမြန်ဖြေရှင်းပေးစေချင်ပါတယ်။ ပြန်ပေးဆွဲခံရတဲ့ ဆရာနဲ့ဆရာမ ပြန်မလွတ်သေးသရွေ့ ကျွန်တော်တို့ ကျောင်းမတက်ဘဲ နေနေမှာဖြစ်ပါတယ်။ အခုလို လုပ်ရတာဟာလည်း ကလေးတွေနဲ့ ကျွန်တော်တို့ ပညာရေး ဝန်ထမ်းတွေ လုံခြုံမရှိတော့တဲ့အတွက်ဖြစ်ပါတယ်”ဟု ဆိုသည်။

ယင်းသို့ ပျောက်ဆုံးနေမှုကို လက်ရှိဒေသခံများက လိုက်လံရှာဖွေလျက်ရှိနေကြပြီး တာကာငွေ သိန်း ၅၀(မြန်မာငွေ သိန်း ၁ထောင်) ဖြင့် ပြန်ရွေးရန် အမည်မသိ အဖွဲ့တစ်ခုက မောင်တောမြို့နယ် ပညာရေးမှူးကို ဆက်သွယ်ထားကြောင်းသိရသည်။

မောင်တောမြို့နယ်မှ ပညာရေးဝန်ထမ်း၂ဦး ပျောက်ဆုံးနေမှုနှင့်ပတ်သတ်၍ မောင်တောမြို့နယ် ပညာရေးမှူးကို ဆက်သွယ်ရာ စက်ပိတ်ထားသဖြင့် အဆက်အသွယ်မရရှိခဲ့ပေ။ ယင်းအပြင်ယင်းသို့ ပျောက်ဆုံးနေမှုနှင့်ပတ်သတ်၍ ပြည်နယ်ပညာရေးမှူးရုံးမှ တစ်စုံတရာ ထုတ်ပြန်မှုမရှိသလို ပြည်နယ်စစ်ကောင်စီဖက်ကလည်း တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ရခိုင်ပြည်နယ်တွင် အစိုးရအခြေခံပညာသင်ကျောင်း ၃၁၈၈ ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ သူ ၄ သိန်းကျော်လောက် တက်ရောက် ပညာသင်ကြားနေကြသည်။

https://www.facebook.com/westernnewsagency/posts/547110530428789

Leave a Reply

Your email address will not be published.