မီးလောင်ကျွမ်းသွားသည့် မဟာမုနိ စစ်ဘေးရှောင် စခန်းမှ နေအိမ် ၁၀၀ ကျော်ကို သစ်၊ ဝါးများအကြွေးဝယ်ယူ ဆောက်လုပ်နေရ

By Western News/ 2022 June 09

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ မီးလောင်ကျွမ်းသွားသည့် မဟာမုနိ စစ်ဘေးရှောင်စခန်းမှ နေအိမ် ၁၀၀ ကျော်ခန့်ကို သစ်၊ ဝါးများအကြွေးဝယ်ယူကာ ဆောက်လုပ်နေရသည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။

မဟာမုနိ စစ်ဘေးရှောင်စခန်းမှ နေအိမ် ၂၆၂ အိမ်မီးလောင်ကျွမ်းသွားသည့်အထဲတွင် ပါသွားပြီး လက်ရှိတွင် နေအိမ် ၂၀၀ ကျော်ခန့် ဆောက်လုပ်ပြီးဖြစ်ရာ ကျန်ရှိနေသည့် နေအိမ် ၅၀ကျော် ဆောက်လုပ်ရန်ရှိနေခြင်းဖြစ်သည်။

International Organization for migration (IOM) ရွှေ့ပြောင်းများအတွက် နိုင်ငံတကာ အဖွဲ့အစည်းမှနေအိမ် ၁၄၅ဆောင်ကို လှူဒါန်းရန်ပြောဆိုထားသော်လည်း လက်ရှိအချိန်အထိ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိသေးကြောင်း စခန်းတာဝန်ခံများဆိုသည်။

ယင်းကြောင့် ကျန်နေအိမ်များကို ဆောက်လုပ်ရန် သစ်၊ ဝါး၊ ဓနိများကို အကြွေးဝယ်ယူ၍ ဆောက်လုပ်နေရသည်ဟု စခန်းတာဝန်ခံ ဦးသန်းထွန်းကပြောသည်။

“IOMကတော့ ၁၄၅ဆောင် လှူမယ်လို့ ဟိုတစ်နေ့ကလည်း ဆက်သွယ်လာတာရှိပါတယ်။ ဒါပေမယ့် မိုးကလည်းရွာနေပြီဆို​တော့ ကျွန်တော်တို့ စစ်ဘေးဒုက္ခသည်တွေ နေထိုင်ရတာတွေအဆင်မပြေကြတော့ဘူး။ အဲ့ဒါကြောင့် ပြီးစီးနေတဲ့ နေအိမ်ထဲက ၅၀လောက်နဲ့ဆောက်ဖို့ကျန်နေတဲ့ နေအိမ်ပေါင်း ၁၀၀ ကျော်လောက်ဟာ ပစ္စည်းတွေအကြွေးဝယ်ယူ ဆောက်လုပ်နေပါတယ်” ဟုဆိုသည်။

​ပြည်တွင်း ပြည်ပအလှူရှင်များထောက်ပံ့ငွေဖြင့် ကိုယ်ထူ ကိုယ်ထ ဆောက်လုပ်ပြီးစီးနေပြီဖြစ်သည့် နေအိမ် ၂၀၀ ခန့်တွင် စစ်ဘေးရှောင်များနေထိုင်နေကြပြီဖြစ်ကာ ကျန်နေအိမ် ၅၀ ကျော်ကိုလည်း အားတိုက်အားတိုက်ဆောက်လုပ်နေသည်ဟု ၎င်းကဆိုသည်။

နေအိမ် မဆောက်လုပ်ရသေးသည့် စစ်ဘေးရှောင် တစ်ဦးက “စာသင်ဆောင်မှာနေတော့ မိသားစု တစ်စုတည်းမဟုတ်ပါဘူး။ မိသားစုတွေ စုပြီးနေရတာဆိုတော့ အနေအထိုင်ကြပ်ပါတယ်။ အိမ်တွေလည်း အမြန်ဆောက်ပြီးစေချင်နေပါပြီ။ တတ်နိုင်တဲ့အလှူရှင်တွေလည်း လှူပေးကြဖို့တောင်းဆိုချင်ပါတယ်” ဟုပြောသည်။

လက်ရှိနေအိမ်များမှာ ၁၂ ပတ်လည် အကျယ်အဝန်းရှိပြီး ဓနိမိုး၊ ဝါးနှင့်တာလပေါ် အကာတို့ဖြင့် တစ်အိမ်လျှင် ပျမ်းမျှငွေ ၃ သိန်းဝန်းကျင် ကုန်ကျကာဆောက်လုပ်နေခြင်းဖြစ်သည်။

မဟာမုနိ စစ်ဘေးရှောင်စခန်း ပြန်လည်တည်ဆောက်ရေးအတွက် စစ်ကောင်စီက ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့သော်လည်း ယင်းကော်မတီ​၏ အကူအညီမပါဘဲ အလှူရှင်များ လှူဒါန်းငွေဖြင့် ကိုယ်ထူကိုယ်ထ ဆောက်လုပ်နေကြခြင်းဖြစ်သည်။

မဟာမြတ်မုနိ စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင် အိမ်ထောင်စု စုစုပေါင်း ၄၃၂ဆောင်ရှိရာမှ ပြီးခဲ့သည့် မေလ ၉ရက်နေ့က မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၂၆၂ဆောင် ဆုံးရှုံးသွားခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ ၁၇ရက်နေ့ကလည်း မြောက်ဦးမြို့နယ်ရှိ တိမ်ညိုစစ်ဘေးရှောင်စခန်းမှနေအိမ် ၆၆၃ အိမ်မီးလောင်ကျွမ်းခဲ့သည်။

https://www.facebook.com/westernnewsagency/posts/539795737826935

Leave a Reply

Your email address will not be published.