By Western News/ 2022 June 07

မီးရှိုးခံလိုက်ရသည့် ကျောက်တော်မြို့နယ်မှ ဘုရားပေါင်းနှင့် တောင်ပေါင်ကျေးရွာမှ ဆောက်လုပ်မပြီးစီးဘဲ ကျန်ရှိနေသည့် နေအိမ် ၁၄၄ အိမ်ကို ဇွန်လအကုန်ခင် အပြီးဆောက်လုပ်ပေးဖို့ ကျေးရွာသားများ လိုလားနေကြသည်။
ဆောက်လုပ်မပြီးသေးဘဲ ကျန်ရှိနေသည့်ဘုရားပေါင်းကျေးရွာမှ နေအိမ် ၉၀နှင့် တောင်ပေါက်ကျေးရွာမှ နေအိမ် ၅၄ အိမ်ကို ရိုးမအာရုဏ်ဆောက်လုပ်ရေးကုမ္ပဏီက ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ဧပြီလကတည်းက ၇၁၂.၈၀၀ သန်းဖြင့် လေလံအောင်ပြီး ဆောက်လုပ်နေခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကျေးရွာ၂ရွာမှ နေအိမ်များကို ဇွန် ကုန်ခန့်တွင် အပြီးမဆောက်ပေးလျှင် မိုးရာသီ၌ နေထိုင်ရေးအခက် ကြုံနိုင်သည်ဟု ဘုရားပေါင်းကျေးရွာမှ ဦးသာထွန်းလှကပြောသည်။
“မိုးရာသီကိုလည်း ရောက်နေပါပြီ။ နေအိမ်တွေလည်း အမိုးနဲ့ သံတိုင်တွေ လုပ်ထားပြီးတာတွေ့ရပါတယ်။ အကာနဲ့ အခင်းတော့ မလုပ်ကြသေးဘူး။ နေထိုင်လို့လည်းမရသေးဘူး။ ဒီထက်ပိုကြာ၍ ပိုပြီးအခက်တွေ့နိုင်ပါတယ်။ သူတို့ဖက်ကသာ တစ်စိုတ်မတ်မတ် ဆောက်လုပ်ပေးရန် အိမ်တွေအကုန်လုံး ဒီလထဲပြီးနိုင်ပါတယ်”ဟုဆိုသည်။
ဘုရားပေါင်းကျေးရွာမှ နေအိမ် ၁၁၀နှင့်တောင်ပေါက်ကျေးရွာမှ နေအိမ် ၇၄ဆောင် စုစုပေါင်း ၁၈၄ အိမ်မီးရှို့ခံခဲ့ရသည်။ နေအိမ်များထဲမှာ တစ်ရွာလျှင် နေအိမ် ၂၀ စီကို ပြီးခဲ့သည့် ၂၀၂၁ခုနှစ် မတ်လအတွင်းက စိုးသန်းထိုက်ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူဆောက်လုပ်ပေးခဲ့သည်။
ကျန်ရှိနေသည့် နေအိမ်များကိုလည်း အမြန်ဆုံးပြီးစီးအောင်ဆောက်လုပ်ပေးစေချင်သည်ဟု တောင်ပေါက်ကျေးရွာမှ ကိုကျော်အေးဝင်းကပြောသည်။
“မိုးရာသီကို အဆင်မပြေမှုတွေနဲ့ ၁နှစ်ဖြတ်သန်းခဲ့ပါပြီ။ ဒီနှစ်လည်း မိုးရာသီရောက်လာပြန်ပါပြီ။ယာယီတဲအိမ်ကလည်း အဆင်မပြေပါဘူး။ မိသားစုအစုံ အိပ်လို့မရဘူး”ဟုပြောသည်။
လက်ရှိတွင် ပစ္စည်းသယ်ယူသည့် ရေလမ်းတွင် ဒီရေအတက်အကျဖြင့် အနည်းငယ် ခက်ခဲမှုရှိနေပြီး မကြာမီအချိန်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း ရိုးမအာရုဏ်ဆောက်လုပ်ရေးကုမ္ပဏီမှဒါရိုက်တာ ကိုပြည့်ဖြိုးအောင်ကပြောသည်။
“နေအိမ်တွေက ပြီးလုနီးနေပါပြီ။ ပစ္စည်းတွေတင်တဲ့ ရေယာဉ် ဒီရေအတက်အကျတွေနဲ့ နည်းနည်းကြန့်ကြာနေတာတော့ရှိပါတယ်။ မကြာမီအချိန်မှာ ပြီးစီးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်”ဟုဆိုသည်။
ပြီးခဲ့သည့် ၂၀၂၀ခုနှစ် စက်တင်ဘာ ၃ရက်နေ့က မြန်မာစစ်တပ်က အင်အား ၁၀၀ခန့်ဖြင့်နေမြေရှင်း လင်းချိန် ည ၈နာရီအချိန်ခန့်က အိမ်ခြေ ၃၀၀ ခန့်ရှိသည့် ဘုရားပေါင်းကျေးရွာမှ နေအိမ် ၁၁၀မီးရှို့ခံခဲ့ရသည်။
ယင်းပြင်အိမ်ခြေ၂၀၀ ကျော်ခန့်ရှိသည့် တောင်ပေါက်ရွာကို အဆိုပါ စက်တင်ဘာ ၃ရက်နေ့ ည ၁၁ နာရီကျော်အချိန်ခန့်က စတင်မီးရှို့ခံခဲ့ရပြီးလူနေအိမ်ခြေ စုစုပေါင်း ၇၄ အိမ် မီးလောက်ကျွမ်းခဲ့ရသည်။
ထိုနေ့ညက မြန်စစ်တပ်မှစစ်သားများ၏ ပစ်ခတ်မှုကြောင့် ဘုရားပေါင်းကျေးရွာမှ မောင်ညွန့်ဝင်းအသက် ၂၅ နှစ်နှင့် မောင်ခင်မောင်သိန်း အသက် ၃၃ နှစ်တို့ သေဆုံးခဲ့သည်။
မြန်မာစစ်တပ်က နယ်မြေ ရှင်းလင်းစဉ် မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာသားများကပြောဆိုသော်လည်း စစ်တပ်ဖက်က အေအေက မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ၂၀၂၀ခုနှစ်စက်တင်ဘာ ၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် စာရင်းများအရ ရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားသည့် ၂ နှစ်ကျော်ကာလအတွင်း ကျေးရွာပေါင်း ၄၈ ရွာမှ နေအိမ် ၂၀၀၅ အိမ် မီးရှို့ခံခဲ့ရသည်။
https://www.facebook.com/westernnewsagency/posts/538351151304727