မာန်အောင်တွင် ရွာပေါင်း ၄၀ ကျော်ကို မီးကြိုးသွယ်တန်းပြီးဖြစ်သော်လည်း လေးနှစ်ကြာထိ မီးမပေးနိုင်သေး

By Development Media Group (DMG)/ 2022 June 15

မာန်အောင်မြို့နယ်ရှိ ကျေးရွာပေါင်း ၄၀ ကျော်ကို မီးပေးနိုင်ရန်အတွက် ၂၀၁၉ ခုနှစ်ကပင် မီးကြိုးသွယ်တန်းမှု ပြီးစီးနေသော်လည်း လက်ရှိအချိန်ထိ လျှပ်စစ်မီး ဖြန့်ဖြူးနိုင်ခြင်းမရှိသေးကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ မီးမရရှိသေးသော ကျေးရွာများမှာ သိမ်ကုန်း၊ ကျွန်းရွာ၊ မြတ်မချောင်း၊ နတ်ပြင်၊ ဘုရားကြီးကုန်း စသည့် ရွာပေါင်း ၄၀ ကျော်ဖြစ်ပြီး လျှပ်စစ်မီးမရရှိသောကြောင့် အလုပ်အကိုင်အပြင် လူနေမှုဘဝများထိခိုက်နေကြသည်ဟု ဒေသခံများဆိုကြသည်။

 “သူတို့ ဆိုလာစက်ရုံက ပေးကတည်းကပင် တစ်နေ့မှ မီးကောင်းကောင်းမလင်းဘူးလို့သိရတယ်။ အခုလည်း ကျနော်တို့ ရွာတွေကို မီးကြိုးသွယ်တာ လေးနှစ် လုံးလုံး ရှိနေပြီ။ မီး မပေးနိုင်သေးဘူး။ မသေခင်လည်းမှာတော့ လျှပ်စစ်မီး ရတာလေးကို မြင်ခဲ့ချင်မိသေးတယ်။ လျှပ်စစ်မီးကိုလည်းသုံးစွဲဖူးချင်တယ်”ဟု အသက် ၅၀ နှစ်အရွယ် ကျွန်းရွာဒေသခံ ဦးထွန်းမင်းက ပြောသည်။

မာန်အောင်မြို့နယ်ရှိ ကျေးရွာအများစုမှာ ညအချိန် လျှပ်စစ်မီးသုံးစွဲနိုင်ရန်အတွက် ကိုယ်ထူ၊ ကိုယ်ထစနစ်ဖြင့် မီးစက်များ ဝယ်ယူကာ ညနေ ၆ နာရီမှ ၁၀ အထိ လျှပ်စစ်မီး ဖြန့်ဖြူးမှုများရှိနေသည်။ သို့ရာတွင် ဆီစျေး အဆမတန် မြင့်တက်လာမှုကြောင့် မီးစက်ပိုင်ရှင်များမှာ အရှုံးပေါ်သဖြင့် ရပ်တန့်ထားရသည့် ကျေးရွာများလည်း ရှိသည်။

“အခု ဆီစျေးတွေကလည်း အဆမတန်တက်တော့ တစ်နေ့ကို ဆီက ၃၀၀၀၀ ဖိုးလောက် ကုန်နေတယ်။ ရတာက တစ်နေ့ကို မီးကြေးက ၂၀၀၀၀၀ ဝန်းကျင်လောက်ပဲ ရတယ်။ တစ်နေ့ကို ၁၀၀၀၀ လောက်ရူံးနေတယ်။ အခုလို ရှုံးလာတာကလည်း ရေရှည် သဘောမျိုး ဖြစ်လာတော့ မီးပေးနိုင်မယ့် အနေအထား မရှိတော့ဘူး”ဟု မင်းဆိပ်ပြင်ကျေးရွာမှ ကိုစောနေအောင်က ပြောသည်။

မီးကြိုးသွယ်တန်းပြီးဖြစ်သည့် အဆိုပါကျေးရွာများကို လျှပ်စစ်မီးပေးနိုင်ရေးအတွက် ပြည်ထောင်စုအဆင့်တွင် ဆွေးနွေးမှုများရှိပြီး မည်သည့်အချိန်တွင် မည်သည့်ပုံစံဖြင့်ပေးမည်ကို တိတိကျကျမသိသေးကြောင်း  မာန်အောင်မြို့နယ် လျှပ်စစ်ဦးစီးဌာန ဦးစီးမှူး ဦးမင်းဇော်ဇော်လင်းက ဆိုသည်။

“ဒီကိစ္စတွေကို ပြည်ထောင်စုမှာ ဆွေးနွေးနေတာ ရှိတယ်။ လောလောဆယ် မဟာဓာတ်အားလိုင်းကပဲ လာမှာလား၊ ဆိုလာစနစ်ပဲ ထပ်လာမှာလား။ လေအား လျှပ်စစ်ထုတ်နိုင်အောင်ပဲ စီစဥ်မှာလား၊ သဘာဝဓာတ်ငွေ့နဲ့ပဲ  လာမှာလားဆိုတာတော့ သေချာ မသိသေးဘူး။ ဆွေးနွေးမှုတွေ တင်ပြထားမှုတွေတော့ ရှိတယ်”ဟု သူက ပြောသည်။

မာန်အောင်မြို့နယ်အတွင်း လျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်ရန်အတွက်ဟုဆိုကာ POSCO Daewoo ကုမ္ပဏီမှ ဆိုလာစက်ရုံတစ်ခုကို ၂၀၁၉ ခု နှစ်က တည်ဆောက်ပြီး မြို့ပေါ် ရပ်ကွက် ၅ ခုနှင့် ကျေးရွာတစ်ရွာတို့ကို ဆိုလာစနစ်ဖြင့် ၂၄ နာရီ မီးပေးရန် ကြိုးပမ်းခဲ့သော်လည်း ယခုအချိန်ထိ ၂၄ နာရီ မီးလင်းနိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် မီးစက်ဖြင့် ရပ်ကွက် အလှည့်ကျ စနစ်ဖြင့် မြို့ပေါ် ၅ ရပ်ကွက်နှင့် ကျေးရွာ ၁ ခုကို လျှပ်စစ်မီး ပေးဆောင်နေရကြောင်း သိရှိရသည်။

ရခိုင်ပြည်အတွင်း ကျေးရွာပေါင်း ၃၇၄၂ ရွာ ရှိသည့်အနက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအထိ ဓာတ်အားစနစ်၊ ဆိုလာစနစ်၊ ဒီဇယ်စနစ်စသည့် နည်းလမ်းများဖြင့် မီးရရှိပြီး ကျေးရွာပေါင်း ၂၂၄၆ ရွာဖြစ်သည့်အတွက် ၆၀ ရာခိုင်နှုန်းခန့် လျှပ်စစ်မီး သုံးစွဲနိုင်ခဲ့ပြီးဖြစ်ကြောင်း ဖေဖော်ဝါရီလ ၄ ရက်နေ့က ထုတ်ဝေသည့် စစ်ကောင်စီ ပိုင် သတင်းစာများတွင် ဖော်ပြသည်။

https://www.facebook.com/dmgnewsagency/posts/2318071185011946

Leave a Reply

Your email address will not be published.