By Western News/ 2022 June 19
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မင်းဖူးကျေးရွာတွင် ဇွန် ၁၈ ရက်နေ့ ညပိုင်းက လူသတ်ပြီး ရွှေငွေများအပါအဝင် ပိုင်ဆိုင်သည့် ပစ္စည်းတစ်ချို့ကို ယူဆောင်သွားကြောင်း သတင်းရရှိသည်။
ဇွန်လ ၁၈ ရက် ညပိုင်းဟု ခန့်မှန်းရသည့်အချိန်တွင် ကျေးရွာနေအိမ်အတွင်း တစ်ဦးတည်းအိပ်နေသည့် ဒေါ်မအေးဖြူဆိုသည့် အသက် ၆၉ နှစ်ရွယ်ရှိသူမှာ ဘယ်ဖက်နားရွက်အောက် ဓါးထိုးဒဏ်ရာတစ်ချက်နှင့် အဝတ်စဖြင့် လည်ပင်းညစ်ထားသည့်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို မိသားစုဝင်များကတွေ့ရှိခဲ့သည်။
အဖွားဖြစ်သူ၏ မြေးက ညပိုင်းတွင် ဖုန်းဆက်ခေါ်၍ မရ၍ ယနေ့နံနက်ပိုင်းနေအိပ်သို့ သွားရောက်ကြည့်ရှုရာတွင် သေဆုံးနေသည့်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူဒေါ်မအေးဖြူ၏ သားမက်ဖြစ်သူ ကိုစောမောင်နု ကWestern News ကို ပြောသည်။
“အဖွားက ပုံမှန်ဆိုရင် သူ့ရဲ့မြေလေးနဲ့ အိပ်နေတာ။ မြေလေးက ဒီရက်ပိုင်း သူ့အဖွားနဲ့မအိပ်ဘူး။ အဖွားကညကတစ်ယောက်တည်းအိပ်တာပါ။ သူ့မြေးက တစ်ညလုံးဖုန်းဆက်တယ်။ ဖုန်းဆက်လို့မရတာနဲ့ မနက်အစောကြီးသွားကြည့်တဲ့အခါ သေဆုံးနေတဲ့အလောင်းကိုတွေ့တာပါ။ ပက်လက်အနေအထားနဲ့တွေ့တာပါ။ အခင်းဖြစ်တာက ညဦးပိုင်းလောက်ကဖြစ်တယ်လို့ယူဆရတယ်”ဟုပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ULA/AA၏ သက်ဆိုင်ရာနယ်မြေမှူးများနှင့် တာဝန်ရှိသူများကို အကြောင်းကြားပြီးနောက် ၎င်းတို့က လာရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး သေဆုံးသူ ရုပ်အလောင်းအား ယနေ့တွင် သင်္ဂြိုဟ်လိုက်ပြီးဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
ဒေါ်မအေးဖြူ ပိုင်ဆိုင်သည့် လက်ဝတ်ရတနာအချို့နှင့် ကျပ်ငွေသိန်း ၃၀ ကနေ ၄၀ အထိ ယူဆောင်သွားကြောင်း သားမက်ဖြစ်သူ ကိုစောမောင်နု က ပြောသည်။
“အဖွားက ရန်ငြိုးရန်စတွေမရှိပါဘူး။ ရွာကလူတွေက ချစ်ခင်ကြပါတယ်။ ဒါပေမယ့် အဖွားမှာက ရွှေစ၊ ငွေစတွေရှိတယ်။ ငွေတွေလည်းရှိတယ်။ ခန့်မှန်းခြေအရဆိုရင် ငွေ ကျပ်သိန်း ၃၀ ကနေ ၄၀ အထိ ပါသွားနိုင်တယ်။ သေတ္တာထဲထည့်ထားတဲ့ လက်ဝတ်ရတနာတွေပါယူသွားတယ်။ ဘယ်လောက်အရေအတွက်ပါသွားတယ်ဆိုတော့ မသိဘူး။ ခန္ဓာကိုယ်မှာ ဝတ်ထားတဲ့ နားကပ်နဲ့ လက်စွပ်တစ်ကွင်းတော့ ပါမသွားဘူး”ဟုပြောသည်။
သေဆုံးသူမှာ ဘယ်ဖက် နားရွက်အောက်တွင် ဓါးထိုးဒဏ်ရာတစ်ချက်၊ လည်ပင်းအား အဝတ်စနှင့် ညစ်ထားသည်ဟု ယူဆရသည့် ညိုမဲဒဏ်ရာများရှိနေပြီး ၎င်းအိပ်နေသည့်နေရာတွင် သေဆုံးလျှက်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မင်းဖူးကျေးရွာ အုပ်ချုပ်ရေးမှူးက ဦးမောင်စံသိန်းက Western News ကိုပြောသည်။
မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာသည် တိုက်နယ်ဆေးရုံးအဆင့်ရှိသည့် အိပ်ထောင်စု ၇၂၀ ခန့် ရှိပြီး လူဦးရေ ၃၈၀၀ ခန့်ရှိသည့် ကျေးရွာကြီးတစ်ရွာလည်းဖြစ်သလို ULA/AA ၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့် နေရာလည်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/546456463827529