ပြန်ပေးဆွဲခံရတဲ့ ပညာရေးဝန်ထမ်း ၂ ယောက်အတွက် ငွေ စတင်လွှဲပေးနေ၊ မကြာခင်လွတ်လာတော့မယ်လို့ဆို

By  Voice Of Westland (VOW)/ 2022 June 22

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သင်္ဘောလှက ပြန်ပေးဆွဲခံရတဲ့ ပညာရေးဝန်ထမ်း ၂ ယောက် လွှတ်မြောက်ရေးအတွက် ငွေ စတင်လွှဲပေးနေပြီဖြစ်တယ်လို့ ခိုင်မာတဲ့ သတင်းရင်းမြစ်က တစ်ဆင့်သိရပါတယ်။

လက်ရှိမှာ သူတို့ ၂ ယောက်ဟာ ကျန်းကျန်းမာမာ ရှိနေတဲ့အကြောင်းကို video click တစ်ခုပေးပို့လာပြီး၊ မကြာမီ ပြန်လွှတ်လာဖို့ ရှိတယ်လို့ ခိုင်မာတဲ့ သတင်းရင်းမြစ်က VOW ကို ပြောပါတယ်။

“သူတို့နှစ်ဦးနဲ့အဆက်အသွယ်ရတယ်။ သူတို့က ကျန်းကျန်းမာမာ ရှိကြပါတယ်။ သူတို့တောင်းထားတဲ့ ပိုက်ဆံတွေကို အခု စလို့ လွှဲပေးနေပါပြီ။ မကြာမီ လွှတ်လာတော့မှာပါ။”လို့ ခိုင်လုံးတဲ့ သတင်းအရင်းမြစ်ဖြစ်တဲ့ ပညာရေးအသိုင်းအဝိုင်းက VOW ကို ပြောပါတယ်။

သူတို့အတွက် လွှဲပေးတဲ့ ငွေကြေးမှာ ဌာနဆိုင်ရာအသီးသီးက ငွေတွေနဲ့မိသားစုဝင်တွေဆီက ငွေတွေ ဖြစ်ပြီး၊ တာကာငွေ သိန်း ၃၀ နဲ့ညှိနှိုင်းမှု ပြေလည်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က မောင်တောမြို့နယ်၊ သင်္ဘောလှ မူလွန်ကျောင်းက ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနဲ့ကျောင်းဆရာမ ဒေါ်ဥမ္မာကျော် တို့ နှစ်ဦးကို မြို့နယ်ပညာရေးမှူးရုံးက ဆင့်ခေါ်တဲ့အတွက် သင်္ဘောလှကျေးရွာက တစ်ဆင့် မောင်တောမြို့ကို သွားရာမှာ ကျောက်ချောင်းကျေးရွာအနီးမှာ လူတစ်စုရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာဖြစ်ပါတယ်။

ဖမ်းဆီးခံစဉ်အတွင်း ဒေသခံတွေနဲ့ပညာရေးဝန်ထမ်းတွေအပါအဝင် နယ်ခြားစောင့်ရဲတွေနဲ့လိုက်လံ ရှာဖွေရာမှာ ပစ်ခတ်ခံရပြီး လူ တစ်ဦး ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ဇွန်လ ၁၇ ရက်နေ့က ပျောက်ဆုံးနေတဲ့ သူတို့နှစ်ဦးကို ပြန်လိုချင်ပါက တာကာငွေ သိန်း ၅၀ နဲ့ပြန်ရွေးဖို့အတွက် ပြန်ပေးဆွဲသမားတွေက အကြောင်းကြားစာ ရရှိခဲ့ပါတယ်။

သူတို့ ၂ ယောက်ကို ဖမ်းဆီးထားတာဟာ ဒီနေ့၊ ဇွန်လ ၂၂ ရက်နေ့ဆိုရင်၇ ရက်မြောက်ရှိပြီဖြစ်ပြီး၊ သူတို့ ၂ ယောက်ကို ဘယ်နေရာမှာ ဖမ်းထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

https://www.facebook.com/VOW2ppl/posts/174362091649843

Leave a Reply

Your email address will not be published.